သြဂုတ် ၃ ။ ။ နာမည်ကြီးအဆိုတော် Lady Gaga ရဲ့ Born This Way သီချင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင် Rick Genest (အသက် ၃၂ နှစ်) ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာပဲ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တာဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ တက်တူးအပြည့် ပုံဖော်ထားတဲ့ ကနေဒါနိုင်ငံသား မော်ဒယ်လ် Rick ကို Zombie လူသားလို့လူသိများကြပြီး Lady Gaga ရဲ့ ၂၀၁၁ ခုနှစ်ထုတ် အယ်လ်ဘမ်မှာလည်း Gaga နဲ့အတူ Zombie စုံတွဲအနေနဲ့ သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
Lady Gaga နဲ့အတူသရုပ်ဆောင်ခဲ့တဲ့ Rick ဟာ Vanity Fair နဲ့ GQ မဂ္ဂဇင်းတွေမှာလည်း မော်ဒယ်လ်လုပ်ခဲ့ပြီး တခြားရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သူငယ်ချင်းဖြစ်သူ Rick ရဲ့သေကြောင်းကြံမှုကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ Gaga ဟာ ၎င်းရဲ့ပရိသတ်တွေကို စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ဂရုစိုက်ကြဖို့ ၎င်းရဲ့ Twitter စာမျက်နှာမှာ ပြောဆိုခဲ့ပါတယ်။
“Rick ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတာကို မယုံနိုင်ပါဘူး။ သင်တို့လည်း စိတ်ခံစားချက်တွေကို မြိုသိပ်မထားပါနဲ့။ သင့်မှာ စိတ်ဝေဒနာခံစားနေရရင် သူငယ်ချင်း၊ မိသားစုတွေကို အသိပေးပါ။ အချင်းချင်းကယ်တင်ပါ။ တစ်စုံတစ်ယောက်က ခံစားနေရတယ်ဆိုရင်လည်း သူတို့ကို ကယ်တင်ပါ။” ဆိုပြီး Gaga ကရေးသားခဲ့တာဖြစ်ပါတယ်။
“Rick ဟာ Montreal မြို့က သူ့အိမ်မှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။”လို့ ရဲအရာရှိက iHeart Radio ကိုပြောပါတယ်။
Rick ကိုယ့်ကိုယ်ကို မသတ်သေခင်မှာ သေခြင်းတရားနဲ့သက်ဆိုင်တဲ့ ကဗျာ The Well ကို ၎င်းရဲ့ Instagram (@zombieboyofficial) မှာတင်ခဲ့တယ်လို့ သိရပါတယ်။