သထုံခရိုင်တွင် မိုးစပါးစိုက်ဧက လေးသောင်းကျော် ရေနစ်မြှုပ်လျှက်ရှိ

သထုံခရိုင်တွင် မိုးစပါးစိုက်ဧက လေးသောင်းကျော် ရေနစ်မြှုပ်လျှက်ရှိ

ပေါင် ၊ သြဂုတ် ၂ ။          ။ မွန်ပြည်နယ် သထုံခရိုင်တွင် ဇူလိုင် ၂၀ ရက်နေ့မှ သြဂုတ် ၁ ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧက လေးသောင်းကျော် ရေနစ်မြှုပ်လျက်ရှိကြောင်း သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သထုံခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၀ရက်နေ့မှ စတင်ကာ မိုးရေချိန်ပိုမိုရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှု တို့ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ဇူလိုင် ၂၄ ရက်နေ့အထိ ဘီးလင်းမြို့နယ်တွင်သာ မိုးစပါးစိုက်ဧက ရေကြီးနစ်မြှုပ်မှု ဖြစ်ပေါ်ခဲ့သော်လည်း မိုးဆက်ရွာသွန်းမှုကြောင့် ကျန် ၃ မြို့နယ်များရှိ မိုးစပါးစိုက်ဧကများပါ ရေကြီးနစ် မြှုပ်မှုများဖြစ်လာကြောင်း သထုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းရီထံမှ သိရ သည်။

“ မိုးတွေက ရက်ဆက်ကို ရွာနေတော့ ရေတွေတိုးလာတယ်။ဒီကနေ့အထိ မိုးကအဆက်မပြတ် ရွာနေတော့ ခရိုင်အတွင်း ၄ မြို့နယ်လုံး မိုးစပါးစိုက်ခင်းတွေ မြှုပ်လာတယ်။

ဘယ်လောက်ပျက်စီးသွားတာကို တိတိကျကျတော့ မသိသေးပါဘူး။ ပျက်စီးမှုအခြေအနေကိုလည်း စောင့်ကြည့်ရဦးမယ်။” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်ထိ သထုံခရိုင်အတွင်း မိုးစပါးစိုက်ပြီးဧကပေါင်း ၃၂၆၄၁၉ ဧက ရှိသည့်အနက် သြဂုတ်လ ၁ ရက်နေ့အထိ ရေကြီးရေလျှံမှုကြောင့် ပေါင်မြို့နယ်တွင် ၁၃၈၂ ဧက၊ သထုံ မြို့နယ်တွင် ၁၅၀၆၃ ဧက၊ ဘီးလင်းမြို့နယ်တွင် ၂၃၁၅၀ ဧကနှင့် ကျိုက်ထိုမြို့နယ်တွင် ၁၂၉၆ ဧက စုစုပေါင်း ၄၀၈၉၁ ဧက နစ်မြှုပ်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးရှုံးဆုံးသွားသော အပင်များကို ဖာထေးစိုက် ပျိုးခြင်း၊ မြေပျက်စီးမှုများ၊ မျိုးစပါးရရှိရေး၊ ပိုးမွှားကာကယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာ အကူအညီပေးနိုင်သော ဌာနများနှင့် ချိတ်ဆက်ပေးနေကြောင်း သိရသည်။

သထုံခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်တောင်ကျရေစီးဆင်းမှုတို့ကြောင့် လမ်း၊ တံတားများ ရေကျော် ခြင်း၊ ပျက်စီးခြင်းတို့အပြင် လယ်ယာမြေများ ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုကြောင့် လူဦးရေ တစ်သောင်းကျော် ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly