ဘိလပ်မြေစက်ရုံကို ဆန္ဒပြခဲ့သူများအားလုံး အာမခံရအောင် ဆောင်ရွက်မည်ဟုဆို

ဘိလပ်မြေစက်ရုံကို ဆန္ဒပြခဲ့သူများအားလုံး အာမခံရအောင် ဆောင်ရွက်မည်ဟုဆို
 (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး ၊ သြဂုတ် ၂ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊အောင်သပြေကျေးရွာအနီး တည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံကို ကန့်ကွက်ဆန္ဒပြမှုကြောင့်  ဖမ်းဆီးအရေးယူခံခဲ့ရသူအားလုံး အာမခံရရှိအောင် ဆောင်ရွက်သွားမည်ဟု အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးစည်သူကပြောသည်။

အဆိုပါ အမှုမှ တရားစွဲခံရသူများကို သြဂုတ်လ ၂ ရက်၊မွန်းလွဲ ၁ နာရီက ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး အသက် ၇၀အရွယ် ဒေါ်အေးကို ကျန်းမာရေးအရ အာမခံပေးခဲ့သည်။

"ကျန်တဲ့သူတွေ အာမခံမရှိသေးတဲ့ အပေါ်မှာ ဆက်လက်ပြီး အာမခံရရှိဖို့လျှောက်ထားသွားမှာပါ။ ဥပဒေနဲ့အညီပေါ့လေ။နောက်ပြီး လမ်းတံတားဥပဒေ ပုဒ်မ ၂၂/၂၃အရ စွဲဆိုထားတဲ့ကိစ္စတစ်ခုကို ဥပဒေပြဋ္ဌာန်းချက်တွေ ပြဋ္ဌာန်းထားပြီးသားရှိပါတယ်။အဲဒီပြဋ္ဌာန်းချက်နဲ့အညီ ဒီလူတွေ ဘယ်လို လွတ်ရာလွတ်ကြောင်းကို ရှာဖွေပြီးတော့ အဲဒီအနေအထားတစ်ခုကို ဥပဒေနဲ့အညီ ဆက်လက် စစ်ဆေးသွားပါမယ်။"ဟုဦးစည်သူကပြောသည်။

စက်ရုံတည်ဆောက်ရေးအပေါ် ကန့်ကွက်နေသည့် ဒေသခံတောင်သူများအနက် ၁၆ ဦးကို လမ်းတံတား ဥပဒေ ပုဒ်မ၂၂/၂၃ဖြင့်လည်းကောင်း ငြိမ်း၊စု၊စီ ဥပဒေပုဒ်မ ၁၉ တို့အပြင် လမ်းပိတ်ဆို့မှု ဥပဒေ ပုဒ်မ၃၄၁တို့ဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်သည်။ ယနေ့ရုံးထုတ်တွင် ၁၆ ဦးထဲမှ ပုဒ်မ ၂၂/၂၃ဖြင့် ဖမ်းဆီးအရေးယူခံထားရသူ ၄ဦးကို ရုံးထုတ်စစ်ဆေးခဲ့ပြီး အသက်အရွယ်ကြီးရင့်၍ ကျန်းမာရေး မကောင်းသည့် ဒေါ်အေးကို အာမခံပေးခဲ့ခြင်းဖြစ်သည်။

"အမေတို့ မတရား အဖမ်းခံရတာပါ။သမ္မတကြီး ဦးဝင်းမြင့်ကယ်ပါ။"ဟု အာမခံရခဲ့သူ အသက် ၇၀ အရွယ် ဒေါ်အေးကပြောသည်။

ထို့အပြင် ဒေါ်အေးက မိမိတစ်ယောက်တည်းအာမခံပေးတာထက် အရေးယူ အဖမ်းခံထားရသူ အားလုံးကို လွှတ်ပေးစေချင်သည်ဟုထပ်မံပြောဆိုခဲ့သည်။

 

"တရားရုံးမှာ ထွက်ခဲ့တာတော့ နှလုံးအားနည်းတာရယ်။အသက်အရွယ်အရ ၇၀ ဆိုတော့ အသက်ကြီးတာပေါ့။ပြီးတော့ သွေးအတွင်းမှာ သကြားဓါတ်နည်းနည်းများတာပေါ့။အဲဒါလေး သုံးချက်နဲ့ပေါ့။တရားရုံးကိုတင်ခဲ့တယ်။ဒီရောဂါ။ဒီရောဂါတွေ ကျွန်တော်ဆေးရုံမှာတွေ့ပြီးတော့ ဆေးရုံတင်ပြီး သုံးရက်ကုသခဲ့တယ်ဆိုပြီး ထွက်ဆိုခဲ့တယ်။"ဟု ဒေါ်အေး အာမခံရရှိရန် တရားခွင်သို့ လာရောက်ထွက်ဆိုခဲ့သည့် ပုသိမ်ကြီးမြို့နယ်ဆေးရုံမှ ဒေါက်တာ ဟိန်းမင်းဇော်က ပြောသည်။

လာမည့်ရုံးချိန်းကို သြဂုတ်လ ၉ ရက်တွင်စစ်ဆေးမည်ဟုသိရပြီး ကျန်ရှိနေသည့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ဒေသခံတောင်သူများကို ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly