MyCO စနစ်တွင် နည်းပညာအခက်ခဲရှိနေ၍ အသုံးပြုရန် ရက်ပြောင်းလဲသတ်မှတ်

MyCO စနစ်တွင် နည်းပညာအခက်ခဲရှိနေ၍ အသုံးပြုရန် ရက်ပြောင်းလဲသတ်မှတ်

ရန်ကုန်၊ သြဂုတ် ၂ ။         ။ အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် MyCO ကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်ထုတ်လွှင့်ပြီး နောက် နည်းပညာအခက်အခဲရှိ၍ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှ ပြန်လည်အသုံးပြုကြရန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှ သြဂုတ်လ ၂ ရက်နေ့၌ ထုတ်ပြန်ထား သည်။

MyCO မှတ်ပုံတင်စနစ်တွင် ဝင်ရောက်အသုံးပြုသူများများပြားသဖြင့် Database သို့ ဝင်ရောက်ရန် ကြန့်ကြာနေခြင်း၊ ကုမ္ပဏီဆိုင်ရာအချက်အလက်များ ဖြည့်စွက်မှတ်ပုံတင်ရာတွင် System ၏ အားနည်းချက်ဖြစ်ပေါ်ခြင်း၊ ကုမ္ပဏီမှတ်ပုံတင် အချက်အလက်များတင်ပြခြင်းနှင့် အတည်ပြုခြင်း ဆောင်ရွက်ရာတွင် သတင်းအချက်အလက်များပျောက်ဆုံးမှုဖြစ်ပေါ်နေခြင်းတို့ကြောင့် ပြန်လည် ပြင်ဆင်ရန် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

"ယနေ့စတင်အသုံးပြုလျှက်ရှိသည့် Online ကုမ္ပဏီမှတ်ပုံတင် စံနစ် MyCO တွင် ဝင်ရောက် အသုံးပြုသူ အဆမတန်များပြားလျှက်ရှိခြင်းကြောင့် မြန်နှုန်းကျဆင်းလျှက်ရှိပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရေးအတွက် ပညာရှင်များနှင့် ဌာနမှဝန်ထမ်းများ ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ၎င်း၏ ဖေ့ဘွတ်စ်စာမျက်နှာတွင် သြဂုတ်လ ၁ ရက်နေ့ နေ့လယ်ပိုင်း၌ ရေးသားထားခဲ့သည်။

အသုံးပြုသူများအနေဖြင့် အဆင်မပြေဖြစ်မှုများအတွက်လည်း တောင်းပန်ကြောင်း ၎င်းက ဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့က ပြုလုပ်သည့် MyCO စနစ်မိတ်ဆက်ပွဲတွင် MyCO စနစ်၌ အခြား ဝက်ဘ်ဆိုက်ဒ်များနှင့်မတူဘဲ လုံခြုံရေးပိုင်းခိုင်မာစေရန် ဆောင်ရွက်ထားကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောခဲ့သည်။

MyCO စနစ် ပြန်လည်ပြင်ဆင်နေချိန်အတွင်း ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းများ အရေးကြီး ဆောင်ရွက် ရန်ရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် နယ်ရုံးခွဲများတွင် ဖွင့်လှစ်ဆောင်ရွက် ပေးမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly