တနင်္သာရီမြို့တွင် ရေပြန်တိုးလာသောကြောင့် ရေဘေးရှောင်များ အခက်ကြံုနိုင်

တနင်္သာရီမြို့တွင် ရေပြန်တိုးလာသောကြောင့် ရေဘေးရှောင်များ အခက်ကြံုနိုင်

ရန်ကုန်၊ သြဂုတ် ၂ ။         ။ တနင်္သာရီမြို့တွင် ရေပြန်တိုးလာသောကြောင့် ဒေသခံရေဘေးရှောင်ပြည်သူများအတွက် စားဝတ်နေရေး အခက်အခဲများ ကြုံလာနိုင်ကြောင်း တနင်္သာရီတိုင်းလွှတ်တော်အမတ်ဖြစ်သူ ဦးရဲမြင့်ဆွေက ပြောသည်။

အဆိုပါမြို့တွင် တစ်မြို့လုံးအတိုင်းအတာဖြင့် လူဦးရေ ၆ ထောင်ကျော် ရေဘေးရှောင်နေရပြီး ယနေ့ သြဂုတ် ၂ ရက်နေ့ တိုင်းတာချက်အရ ရေအမြင့် တစ်ပေနီးပါးထပ်မံတိုးလာသောကြောင့် ရေဘေးရှောင်များအတွက် အခက်အခဲများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

“ ရေပြန်တိုးတယ်ခင်ဗျ။ မနေ့က ၂၁ ပေနှစ်လက်မကနေပြီး အခု ၂နာရီထိုး တိုင်းတာမှုအရ ၂၂ ပေဖြစ်သွားပြီ “ ဟု ဦးရဲမြင့်ဆွေက ပြောသည်။

တနင်္သာရီမြို့မှ လူ ၆၀၀၀ ကျော်သည် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့မှ စတင်ကာ ရေဘေးရှောင်နေရခြင်းဖြစ်ပြီး ယနေ့သြဂုတ်လ ၂ ရက်နေ့အထိဆိုပါက ရေဘေးဒုက္ခကို ရက် ၂၀ ခန့်ရင်ဆိုင်ဖြတ်သန်းနေကြရကြောင်း သိရသည်။

တနင်္သာရီမြစ်ရေသည် ဆက်တိုက်မြင့်တတ်လာပြီး ဇူလိုင် ၂၀ ရက်တွင် အန္တရာယ်ရေအမှတ်သို့ ရောက်ရှိကာ မြို့ပေါ်ရပ်ကွက်၂ခုနှင့် ကျေးရွာ ၂၅ရွာကို ရေလွှမ်းမိုးခဲ့သည်။ထို့အပြင် မြို့ပေါ်နှင့်ကျေးရွာများရှိ အခြေခံပညာ စာသင်ကျောင်းအားလုံးကို ဇူလိုင် ၁၈ ရက် ကတည်းက ယာယီပိတ်ထားခဲ့ရပြီး မြိတ် - ကော့သောင်း လမ်းပိုင်း တွင်လည်း ရေဖုံးလွှမ်းခဲ့ သည်။

လက်ရှိတွင် တနင်္သာရီမြို့ရှိ ကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည် ၁၃၀၀ ခန့်နေထိုင်ကြပြီး ကျန်အများစုမှာ နီးစပ်ရာဆွေမျိုးအိမ်နှင့် ဘုန်းကြီးကျောင်းများတွင်နေထိုင်ကြပြီး နေ့စဉ်စားဝတ်နေရေးအတွက် အလှူရှင်များကို အားထားရသည့်အခြေအနေဖြစ်လာကြောင်း ရေကြီးမှု ရက်ကြာလာပါက စားဝတ်နေရေး အတွက် စိန်ခေါ်မှုများ ဖြစ်လာနိုင်ကြောင်း တိုင်းလွှတ်တော်အမတ်ဖြစ်သူ ဦးရဲမြင့်ဆွေကသုံးသပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly