မိဘများကြိုးဆွဲချသေဆုံးမှုမှ ကျန်ရစ်သော ကလေး(၆)ဦးကို တိုင်းအစိုးရ ကူညီမည်

မိဘများကြိုးဆွဲချသေဆုံးမှုမှ ကျန်ရစ်သော ကလေး(၆)ဦးကို တိုင်းအစိုးရ ကူညီမည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

လပွတ္တာ ၊သြဂုတ် ၂ ။               ။ လပွတ္တာမြို့နယ်တွင် ကြိုးဆွဲချသေဆုံးခဲ့သော လင်မယားနှစ်ဦးမှ ကျန်ခဲ့သည် ကလေး(၆)ဦးကို  ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ ကူညီဆောင်ရွက်ပေးရန် လုပ်ဆောင်ထားကြောင်း ဧရာဝတီ တိုင်းဒေသကြီး၊အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ၂၈ ရက်နေ့ညတွင် လပွတ္တာမြို့နယ်၊သိုင်းကုန်းကျေးရွာရှိ ဦးစောပါဖလုနှင့် ဇနီးဒေါ်နော်မာမာအောင်တို့သည် ယင်းတို့၏ နေအိမ်တွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သည်။ အဆိုပါ ဇနီးမောင်နှံတွင် ကလေးငယ် ၆ ဦး ကျန်ရစ်ခဲ့သည်။

“လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးရယ်၊လပွတ္တာခရိုင်က လူမှုဝန်ထမ်းဦးစီးဌာနရယ်၊ လပွတ္တာခရိုင်မှာရှိတဲ့ လူငယ်အားမာန်သင်တန်းကျောင်း ကျောင်းအုပ်ကြီးရယ်၊ ဖြစ်ပွားတဲ့ ဒေသကိုသွားရောက်ပြီး တွေ့ဆုံ မေးမြန်းမှုတွေရှိပါတယ်။ကျန်ရစ်ခဲ့တဲ့ ကလေး၆ယောက်နဲ့ ပတ်သက်ပြီး ဆွေးမျိုးတွေ သဘောအတိုင်း တိုင်းဒေသကြီးအစိုးရက စီစဉ်ဆောင်ရွက်ပေးပါမယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

ယင်းကလေးငယ်များကို လပွတ္တာမြို့နယ်ရှိ လူငယ်အားမာန်သင်တန်းကျောင်းတွင် နေထိုင် စားသောက်ရေးနှင့် ပညာရေးအတွက် စီစဉ်ဆောင်ရွက်နိုင်သော်လည်း ဆွေမျိုးများ၏ ခွင့်ပြုချက် လိုအပ်ကြောင်း လူမှုရေးဝန်ကြီးက ဆက်ပြောသည်။

“ကျွန်မ အမြင်အရ ကလေး၆ယောက်ရဲ့တာဝန်ဟာ ပညာရေးအတွက် ရေရှည်သွားရမယ့် ကိစ္စဖြစ်တယ်။အများကြီးစဉ်းစားရမယ်”ဟု ဒေါက်တာလှမြတ်သွေးကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly