ပုဇွန်တောင်မြို့နယ််ရှိ ရှုပ်ထွေးဝါယာကြိုးများကို ပထမဆုံးအကြိမ် ပြုပြင်တပ်ဆင်

ပုဇွန်တောင်မြို့နယ််ရှိ ရှုပ်ထွေးဝါယာကြိုးများကို ပထမဆုံးအကြိမ် ပြုပြင်တပ်ဆင်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

သြဂုတ် ၂။    ။ ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရှုပ်ထွေးဝါယာကြိုးများကို ပထမဆုံးအကြိမ် ပြုပြင် တပ်ဆင်မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ပုဇွန်တောင်မြို့နယ်၊လျှပ်စစ်အင်ဂျင်နီယာဌာနမှ သတင်းရရှိသည်။

"အများပြည်သူသွားလာတဲ့နေရာ ဓါတ်အားလိုင်းတိုင်တွေမှာ ဆားဗစ်ကြိုးတွေရှုပ်ထွေးနေတာ အမြင်ရှင်းသွားမယ်။ ရှုပ်ထွေးဆားဗစ်ကြိုး ရှင်းလိုက်တဲ့အတွက် ဆားဗစ်ကြိုးနည်းနည်းလေးနဲ့ အများပြည်သူ ဓါတ်အားပြည့်ပြည့်၀၀သုံးသွားနိုင်မယ့် အချက်လေးတစ်ချက်အကျိုးရှိမယ်။" ဟု ပုဇွန်တောင်မြို့နယ်၊လျှပ်စစ်အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာ ဦးကျော်ကျော်ထက်က ပြောသည်။

ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက်စုစုပေါင်း ၁၀ခုရှိပြီး ရှုပ်ထွေးဆားဗစ်ဝါယာကြိုးများရှင်းလင်းရန် စီမံချက်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုသို့ လုပ်ဆောင်သွားရန် ဘတ်ဂျက် အခက်အခဲ့အချို့ ရှိကြောင်း အကောင်အထည်ဖော်ဆောင်ရာတွင် နှောင့်နှေးမှုများရှိကြောင်း ပုဇွန်တောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာနမှ သိရသည်။

ရှုပ်ထွေးဆားဗစ်ဝါယာကြိုးများရှင်းလင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်ဌာနမှ လိုအပ်မည့် ဓာတ်အားလိုင်းတိုင်များ၊ ၄၀၀ ဗို့စ် ဓာတ်အားလိုင်းကြိုးများနှင့် ကျွမ်းကျင်မှု၊ လုပ်သားများကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် တိုက်တစ်တိုက်တွင် ပျမ်းမျှမီတာ ၁၆လုံးခန့်ရှိပြီး အဆိုပါမီတာများအတွက် Connection Box နှစ်ခုခန့် အသုံးပြုရကြောင်း ၎င်း Connection Box နှစ်ခုနှင့် ဆားဗစ်ကြိုး တန်ဖိုးအတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းနှင့် သုံးသောင်းကြား ကုန်ကျမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာနမှ သိရသည်။

 " ဒီလို ပြုပြင်တဲ့အတွက် အန္တရာယ်လည်းကင်းတာပေါ့။ စိတ်လည်းစိတ်ချရတယ်။ မီးဘေးအန္တရာယ်လည်းမဖြစ်တော့ဘူးပေါ့ " ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူ ဦးလှဝင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုကဲ့သို့ ရှုပ်ထွေးဆားဗစ်ဝါယာကြိုးများ ရှင်းလင်းပြုပြင်မှုများကို လှိုင်၊ တာမွေ၊ မရမ်းကုန်း၊ ကျောက်တံတားစသော မြို့နယ်များတွင် လုပ်ဆောင်ခဲ့ပြီး ပြည်သူများ ပူးပေါင်း ပါဝင်မှုဖြင့် မြို့နယ်အများစုတွင် လုပ်ဆောင်လျှက်ရှိကြောင်း ပုဇွန်တောင်မြို့နယ်တွင် ယခုပထမဆုံး အကြိမ်အဖြစ် စတင်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးကျော်ကျော်ထက် ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly