ရှိုးမန်းနီး ကန်ဒေါ်လာ တစ်ထောင် ပြသခိုင်းသည့်ကိစ္စ ဆိုင်းငံ့

ရှိုးမန်းနီး ကန်ဒေါ်လာ တစ်ထောင် ပြသခိုင်းသည့်ကိစ္စ ဆိုင်းငံ့

 

ရန်ကုန်၊ သြဂုတ် ၂ ။                     ။ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးသားနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ဝင်ရောက်သည့်အခါ ရှိုးမန်းနီး ကန်ဒေါ်လာ တစ်ထောင် ပြသခိုင်းသည့်ကိစ္စအား ဆိုင်းငံ့ထားလိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး က ပြောသည်။

"ခရီးသွားလာတဲ့ဧည့်သည်တွေပေါ်မှာ အခက်အခဲတစ်ခုဖြစ်စေတယ်ဆိုတာကို ကျွန်တော်တို့က အစည်း အဝေးမှာ တင်ပြပြီးတော့ဆွေးနွေးပါတယ်။ ဒီဆွေးနွေးချက်တွေပေါ်မှာ လာတက်ရောက်တဲ့ လဝက က တာဝန်ရှိသူကလည်း သူရဲ့ဝန်ကြီးဌာနမှာပြန်လည်တင်ပြတဲအခါမှာ ကျွန်တော်တို့ဒီဟာကို အခက်အခဲလေးတွေ ဖြစ်နေတာဖြစ်တဲ့အတွက် ခေတ္တဆိုင်းငံ့ထားရှိမယ်ဆိုပြီးတော့မှ ကျွန်တော်တို့ ဝန်ကြီးဌာနကို သူတို့အကြောင်းကြားပါတယ်" ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။

အောက်တိုဘာ ၁ရက်မှစတင်ကာ သာမန် တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ တရုတ်နိုင်ငံသားများ (ဟောင်ကောင်နှင့် မကာအို)ကို ဆိုက်ရောက်ဗီဇာကြေးတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅၀နှင့် ရှိုးမန်းနီး ကန်ဒေါ်လာ တစ်ထောင်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံသားများကို ရှိုးမန်းနီး ကန်ဒေါ်လာ တစ်ထောင် ပြသပြီးမှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များမှ တစ်ဆင့် ဝင်ရောက်ခွင့်ပြုမည် ဖြစ်သည်ဟု မူလက ထုတ်ပြန်ထားသည်။

အဆိုပါ ပြသခိုင်းသည့် စည်းမျဉ်းနှင့် ပတ်သက်၍ ခရီးသွားလုပ်ငန်းရှင်များက ဝေဖန်ခဲ့ကြပြီးနောက် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ နေပြည်တော်၌ အစည်းအဝေးပြုလုပ်ကာ ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဗီဇာဖြေလျော့မှုနှင့် စည်းမျဉ်းစည်းကမ်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ သြဂုတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် အသိပေးညှိနှိုင်းလာခြင်းဖြစ်ပြီး ဆိုင်းငံ့ထားရာမှ ပြန်လည်ခွင့်ပြုခြင်း ပယ်ဖျက်ခြင်းများကို ၎င်းတို့မှ သိနိုင်မည်ဟု ဦးမြင့်ထွေးက ဆိုသည်။

၎င်း Show Money ကိစ္စရပ်အပါအဝင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် ကိစ္စများကို သြဂုတ်လ ၃ ရက်နေ့ တွင် နေပြည်တော်၌ ဆက်လက်ဆွေးနွေးသွားရန်လည်းရှိနေသည်။

"မနက်ဖြန်မှာဆွေးနွေးကြမှာပါ။ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းပါမယ်။ အဲဒါတွေ (show Money ကိစ္စ)လည်းပါမယ်။ လောလောဆယ် ကျွန်တော်တို့တွေ ဝိုင်းပြီး အသံတွေ အော်ကြတော့လည်း ဒါသူတို့လည်းမဖြစ်သင့်သေးဘူးဆိုတာသိတာပေါ့နော်။ အဲဒါကြောင့် လောလောဆယ် control (ထိန်းချုပ်) လိုက်တာ" ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးသက်လွင်တိုး က ပြောသည်။

သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံသားကမ္ဘာလှည့် ခရီးသွားဧ ည့်သည်များကို အောက်တိုဘာ ၁ရက်မှစတင်၍ ၂၀၁၉ခုနှစ် စက်တင်ဘာ ၃၀ရက်အထိ ဆိုက်ရောက်ဗီဇာဖြင့် ဗီဇာကြေးကင်းလွတ်ခွင့် တစ်နှစ် စမ်းသပ်ကာလသတ်မှတ်ပေးထားမည်ဖြစ်သည်။

မြန်မာနိုင်ငံကို အဆိုပါနိုင်ငံများမှ အုပ်စုလိုက် ခရီးသွား တိုးများဖြင့် ဝင်ရောက်ခြင်းများရှိပြီး အဆိုပါ တစ်ဦးချင်းက ရှိုးမန်းနီးပြသရန်ကိစ္စမှာ အဆင်ပြေခြင်းမရှိကြောင်း တိုးကုမ္ပဏီများဘက်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly