ရေလွှမ်းမိုးမှုများကြောင့် မြန်မာနိုင်ငံလုံးတွင် စိုက်ပျိုးဧက ၃ သိန်းကျော်ပျက်စီး

ရေလွှမ်းမိုးမှုများကြောင့် မြန်မာနိုင်ငံလုံးတွင် စိုက်ပျိုးဧက ၃ သိန်းကျော်ပျက်စီး
မဒေါက်မြို့ ရေကြီးနေမှု အခြေနေအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ သြဂုတ် ၂ ။        ။ မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းတို့ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် စိုက်ပျိုးဧက ၇ သိန်း ကျော် ရေလွှမ်းခဲ့ပြီး ဧက ၃ သိန်းကျော်ပျက်စီးခဲ့ရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ  (လယ်/ ဆယ်)  ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ တစ်နိုင်ငံလုံးအနေနဲ့ ရေလွှမ်းတာကတော့ ၇ သိန်းကျော်လွှမ်းတယ်။ ပြန်ပေါ်တာက  ၆ သိန်းကျော် ပေါ်တယ်။ အဲ့ထဲမှာ စီစစ်လိုက်တော့ ပျက်စီးတဲ့ ဧက အားလုံး ၃ သိန်းကျော်ရှိတယ် ” ဟု ၎င်းက ဆိုသည်။

ကချင်၊ ချင်း၊ ရခိုင် တို့မှာလွဲ၍ ကျန်တိုင်းနှင့်ဒေသကြီးအားလုံးတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီ တို့သည် စိုက်ပျိုး ဧက ဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်းလည်း သိရသည်။

“ သီးနှံအလိုက်ပြောရရင်တော့ ဇွန်လတုန်းကဖြစ်သွားတာ စစ်ကိုင်းနဲ့ မကွေးမှာ နှမ်းဧက ၂ သိန်းကျော် လောက်တော့ ပျက်သွားတယ်။ မိုးစပါးကတော့ ၁ သိန်းကျော် ပျက်တယ်။ ကျန်တဲ့ ပမာဏကတော့ တခြားသီးနှံပေါ့ ” ဟု ဦးမျိုးတင့်ထွန်းက ဆိုသည်။

လက်ရှိရေဘေးဒုက္ခကို အဓိကခံစားနေရသည့် တနင်္သာရီ ရေလွှမ်း ဧက ၆၀၀၀ ကျော်၊  ပဲခူးတွင် ရေလွှမ်း ဧက ၁ သိန်းခွဲကျော်၊ ကရင်တွင် ရေလွှမ်းဧက ၁သောင်းကျော်နှင့် မွန်တွင်ရေလွှမ်းတာ ၂ သောင်းကျော်ရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အချက်အလက်များ အရ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ရေလွှမ်းမိုးခဲ့သည့် လယ်/ ယာ ဧကများ၏ စရင်းကိုစုစည်းလျှက်ရှိပြီး ကူညီပေးနိုင်ရန် လည်း စီစဉ်နေကြောင်း သိရသည်။

“ ကျွန်တော်တို့မှန်းတာတော့ ဒီအချိန်က မိုးဦးကျဖြစ်တဲ့အတွက်ကြောင့် စပါးက ပြန်စိုက်ရင် မှီပါတယ်။ ပြန်စိုက်မယ်ဆိုတဲ့ တောင်သူတွေအတွက်ကတော့ မိုးစပါးထောက်ပံ့ပေးဖို့ အစီအစဉ် လုပ်ထားပါတယ်။ နောက် သူတို့ထွန်တဲ့ ယက်တဲ့အပိုင်းမှာလည်း လိုအပ်ရင်ကူညီပေးဖို့ စီစဉ်နေပါတယ် ” ဟု (လယ်/ ဆယ်)  ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။

ဇူလိုင် ၁ ရက်နေ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူးနှင့် မကွေးတိုင်း ဒေသကြီးတို့ရှိ ကယ်ဆယ်ရေး စခန်း ၃၂၇ ခုတွင် လူဦးရေ ၁ သိန်း ၅ သောင်းနီးပါးနေထိုင်နေရပြီး သေဆုံးသူ ၁၂ ဦးရှိနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly