လက်ကျန်ငွေစစ်နိုင်ပြီး ကတ်ပျောက်လျှင်လည်း လော့ခ်ချနိုင်သည့် ဗီဇာခရက်ဒစ်ကတ် မိတ်ဆက်

လက်ကျန်ငွေစစ်နိုင်ပြီး ကတ်ပျောက်လျှင်လည်း လော့ခ်ချနိုင်သည့် ဗီဇာခရက်ဒစ်ကတ် မိတ်ဆက်
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ သြဂုတ် ၁ ။        ။ ဗီဇာခရက်ဒစ်ကတ် ကျပျောက်ခဲ့လျှင် ပိုင်ရှင်၏ မိုဘိုင်းအက်ပလီကေးရှင်းမှ လော့ခ်ချထားနိုင်သည့် စနစ် ထည့်သွင်းထားသည့် ဗီဇာခရက်ဒစ်ကတ် ကို AGD ဘဏ်မှ သြဂုတ်လ ၁ ရက်နေ့တွင် မိတ်ဆက်ခဲ့သည်။

ထို့အပြင် ခရက်ဒစ်ကတ်ရှိ လက်ကျန်ငွေများနှင့် အသုံးပြုခဲ့သည့် Transaction များကိုပါ ၎င်းမိုဘိုင်းဖုန်း အက်ပလီကေးရှင်းမှ တစ်ဆင့် ကြည့်ရှု့စစ်ဆေးနိုင်မည်ဖြစ်သည်။

၎င်း AGD ဗီဇာခရက်တစ်ကတ် များကို Classic card၊ Gold Card နှင့် Platinum Card ဆိုသည့် အမျိုးအစား သုံးမျိုးဖြင့် သြဂုတ်လ ၁ ရက်နေ့ ရန်ကုန်မြို့ Pullman Hotel တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မိတ်ဆက်ခဲ့သည်။

"ကတ်ပျောက်သွားရင် စိတ်ပူစရာမလိုဘူး။ ဘဏ်ကိုလည်း ဖုန်းခေါ်စရာမလိုဘူး။ ကိုယ့် App ကနေပြီးတော့ ကလစ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ၊ Lock ချလိုက်ရုံနဲ့ ကိုယ့်ကတ်ကို သူများသုံးလို့ ရမှာမဟုတ်တော့ပါဘူး။ အကယ်၍ ပြန်တွေ့တယ်ဆိုရင်လည်း AGD Pay ကနေပဲ Unlock လုပ်လိုက်တာနဲ့ အရင်လို ပြန်သုံးနိုင်မှာ " ဟု ဦးကျော်လှိုင်ဝင်း (AGD Bank ၏ Head of card and payments )က ပြောသည်။

AGD ဗီဇာခရက်’စ်ကတ် မှ အသုံးပြုခဲ့သည့် Transaction များကို ၅ လ ကြာအချိန်အထိ အက်ပလီကေးရှင်းမှ တဆင့် ပြန်လည်ကြည့်ရှု့နိုင်မည်ဖြစ်ပြီး လက်ရှိ ပြည်တွင်းဈေးကွက်တွင် လစဉ်ထုတ်ပြန်ချက်ထုတ်များ ရရှိချိန်မှသာ ပြန်လည်ကြည့်ရှု့နိုင်မည်ဖြစ်သည်။

"ပုံမှန် Market (ဈေးကွက်) ထဲမှာရှိတဲ့ကတ်တွေအကုန်လုံးသည် တစ်ခုခုလုပ်လိုက်တိုင်းမှာ SMS Alert (မက်ဆေ့ပို့ပေးတာ) လုပ်တာရှိပါတယ်။ ဒါပေမယ့်လည်း SMS Alert က Transaction Success ဖြစ်မှရောက်တာပါ။ နောက်တစ်ခုဒါရဲ့အားနည်းချက်ကဘာရှိမလဲဆိုတော့ နိုင်ငံခြားမှာသွားပြီး ခရက်ဒစ် ကို သုံးမယ်ဆိုရင် SMS က မရတော့ဘူးပေါ့။ အဲဒီအချိန်မှာ ကိုယ်သုံးလိုက်တဲ့ Transaction တွေကို ငြင်းတယ်။ ဒီကတ်သည် သုံးလို့မရပါဘူး စသဖြင့်ပေါ့နော်။ Transaction ပတ်သက်လို့ ငြင်းလိုက်တဲ့အချိန်မှာ ကိုယ့်ကတ်ထဲက ဖြတ်သွားတာလား၊ တကယ်ပဲမရတာလား စတဲ့ အင်ဖော်မေးရှင်းကို ကာစတန်မာတွေအနေနဲ့ အချိန်နှင့်တပြေးညီ လက်ရှိ ဈေးကွက်ထဲမှာ မသိနိုင်ပါဘူး" ဟု ဦးမျိုးဝင်းသန်း (AGD Bank ၏ Head of digital banking )က ပြောသည်။

AGD Classic card တွင် အနည်းဆုံးငွေ သုံးသိန်းမှ ဆယ်သိန်းအထိ သုံးစွဲခွင့်ပြုထားကာ လျှောက်ထားသူ အနေဖြင့် အနည်းဆုံးဝင်ငွေ သုံးသိန်းနှင့် အသက် ၂၁ နှစ်ပြည့်ထားသူ ဖြစ်ရမည်ဟု သိရသည်။

Gold card ကိုင်ဆောင်သူအနေဖြင့် ဆယ်သိန်းမှအများဆုံး သိန်းသုံးဆယ်အထိ သုံးစွဲနိုင်ပြီး Platinum card ကိုင်ဆောင်သူအနေဖြင့် အနည်းဆုံး သိန်း ၂၀မှ အများဆုံး သိန်း ၅၀ အထိ သုံးစွဲနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly