အစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်ကြရန် လွှတ်တော်နာယကအသစ် မေတ္တာရပ်ခံ

အစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်ကြရန် လွှတ်တော်နာယကအသစ် မေတ္တာရပ်ခံ
(ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်)

နေပြည်တော်(ဩဂုတ် ၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျန်ရှိသည့် လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲအတွင်း အစွဲမထားကြဘဲ ပြည်သူ့အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်ထောင်စုလွှတ်တော်နာယကဖြစ်လာသူ ဦးတီခွန်မြတ်က မေတ္တာရပ်ခံလိုက်သည်။

ယနေ့ ဩဂုတ်လ ၁ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်နာယကတာဝန် လွှဲပြောင်းပေးအပ်ပွဲတွင် လွှတ်တော်နာယက ဖြစ်လာသည့် ဦးတီခွန်မြတ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းမှုကို ရည်ရွယ်ပြီး ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာစွဲ၊ မူဝါဒစွများ မထားရှိဘဲ နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ကျနော်နဲ့အတူ ပူးပေါင်း၊ ကူညီ၊ ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဦးတီခွန်မြတ်က ပြောသည်။

ပြည်သူလူထုက ချက်ချင်းအကောင်အထည်ဖော်မှုကို မြင်တွေ့လိုသော်လည်း ဒီမိုကရေစီ သဘောတရားအရ တခါတရံတွင် အချိန်ကာလတစ်ခုယူရန် လိုအပ်သည်ကို အထူးသတိပြုကြရန်နှင့် မည်သို့ပင်ဆိုစေကာမူ ၂၁ရာစု၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် စစ်မှန်သော ဒီမိုကရေစီစနစ်မှလွဲပြီး အခြားစနစ်မရှိကြောင်းလည်း ဦးတီခွန်မြတ်က ပြောကြားသည်။

ထို့ပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို အတတ်နိင်ဆုံး ပိုင်းခြားပြီး အပြန်အလှန်ထိန်းကြောင်းခြင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို မဖြစ်မနေ ဆက်လက်ဆောင်ရွက်သွားကြရမည်ဟု ၎င်းက ဆိုသည်။

ကျန်ရှိသည့် ပြည်ထောင်စုလွှတ်တော်သက်တမ်း နှစ်နှစ်ခွဲတွင် လွှတ်တာ်နာယကအဖြစ် ဦးတီခွန်မြတ်နှင့် ဒုတိယနာယကအဖြစ် ဦးထွန်းထွန်းဟိန်တို့က ထမ်းဆောင်ရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၆(က)တွင် “ပြည်သူ့လွှတ် တော်သက်တမ်းတစ်ခု စတင် သည့်နေ့ရက်မှ လပေါင်း ၃၀ ပြည့်မြောက်သည့် နေ့ရက်အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယကတာဝန်ကိုပါ ထမ်းဆောင်ရမည်။ ကျန်သက်တမ်း ကာလအတွက် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်” ဟု ပါရှိသည်

ဦးတီခွန်မြတ်  ဦးဆောင်တော့မည့် လွှတ်တော်အနေဖြင့် ရခိုင်အရေးကဲ့သို့သော မပြီးပြတ်သေးသည့် ကိစ္စရပ်များတွင် ဆက်လက်ရင်ဆိုင် ဖြေရှင်းသွားရဖွယ် ရှိနေပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပါက အောင်မြင်နိုင်ကြောင်း အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးက မှတ်ချက်ပြုသည်။

“ပြည်သူပြည်သားတွေ ရင်ဆိုင်နေရတဲ့ စီးပွးရေးလုပ်ငန်း အခြေအနေတွေ၊ ပညာရေးကဏ္ဍတွေ၊ နောက် ဥပဒေပြုရေးအခန်းကဏ္ဍတွေ၊ ဒါ့အပြင် အနောက်တံခါးမှာ ဖြစ်နေတဲ့ ရခိုင်အရေးကိစ္စတွေပေါ့။ ဒါတွေဟာ မပြီးပြတ်သေးတဲ့ ကိစ္စတွေပဲ။ ဒါတွေအပေါ်မှာတော့ ဆက်ပြီး ရင်ဆိုင်ဖြေရှင်းသွားရဦးမယ်” ဟု ဦးသောင်းအေးက ပြောသည်။

လွှတ်တာ်နာယကဖြစ်လာသူ ဦးတီခွန်မြတ်သည် ၂၀၁၀နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားရင်ကြားစေ့ရေးမူဝါဒအရ ကချင်တိုင်းရင်းသား ဦးတီခွန်ြ်မတ်မှာ ပြည်သူ့လွှတ်တော်၊ ဒုဥက္ကဌ ဖြစ်လာခဲ့သည်။ ထို့နောက် သမ္မတာဝန်ထမ်းဆောင်နေသော ဦးဝင်းမြင့်၏ ပြည်သူ့လွှတ်တော်ဥက္ကဌတာဝန်ကို ဆက်ဆက် တာဝန်ပေးအပ်ခံခဲ့ရသည်။

၎င်းအနေဖြင့် ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နှုတ်ထွက်ခဲ့သည်။

အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နာယကဖြစ်သူ ဦးဝင်းထိန်က "သူ့ကို ပြည်သူ့လွှတ်တော် ဒုဥက္ကဌရာထူးအတွက် ရွေးကတည်းက ဘာကိုမူတည်ပြီး စဉ်းစားလည်းဆိုတော့ ဦးတီခွန်မြတ်က တိုင်းရင်းသား ဖြစ်တယ်။ အရင်လွှတ်တော်တုန်းက ကြံ့ခိုင်ရေးက ကိုယ်စားလှယ်ဖြစ်တယ်။ သို့သော်လည်း သူ့လုပ်ဆောင်ချက်တွေ၊ သူ့သဘောထားတွေက ဘက်လိုက်မှုမရှိဘဲ အမှန်တရားကို မူတည်ဆုံးဖြတ်ခဲ့လို့ အဲ့တုန်းကတည်းက ဒုဥက္ကဌအနေနဲ့ ထောက်ခံခဲ့လိုက်တာ" ဟု ပြောသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်လွှဲပြောင်းပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လွှတ်တော်ဥက္ကဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်လာကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly