သီဟတင်စိုးအမှုမှ အိမ်အကူဒေါ်ခင်မာမြင့်ကို ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူ

သီဟတင်စိုးအမှုမှ အိမ်အကူဒေါ်ခင်မာမြင့်ကို ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူ

 

ရန်ကုန်၊ သြဂုတ် ၁ ။         ။ သရုပ်ဆောင် သီဟတင်စိုးကို အဓမ္မပြုကျင့်မှုနှင့် လိမ်လည်တိုင်ကြားခဲ့သည့် အိမ်အကူဒေါ်ခင်မာမြင့်နှင့် အိမ်အကူပွဲစား ဒေါ်ညိုတို့ကို သင်္ဃန်းကျွန်း မြို့နယ်တရားရုံး၌  ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူခဲ့သည်။

သြဂုတ်လ ၁ ရက်နေ့ နေ့လယ် ၂ နာရီပတ်ဝန်းကျင်တွင် သင်္ဃန်းကျွန်း မြို့နယ်တရားရုံး၌ ရုံးထုတ်ကာ ချုပ်ရက် ထပ်တိုးယူခဲ့ခြင်းလည်းဖြစ်သည်။

ဖြစ်စဉ်မှာ ဒေါ်ခင်မာမြင့်သည် ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အိမ်အကူလုပ်ရန် ပွဲစားဒေါ်ညို၏ ဆက်သွယ်ပေးမှုကြောင့် ဇူလိုင်လ ၅ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ထို့နောက် သီဟတင်စိုး၏ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးမရှိသည့်အချိန်တွင် သီဟတင်စိုးမှ သူ့အား အဓမ္မပြုကျင့်သည်ဟုဆိုကာ ပွဲစားဒေါ်ညိုသင်ပြသည့်အတိုင်း လိမ်ညာပြောဆို ကြံစည်၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးသည် အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်အား အလိုမတူဘဲအဓမ္မပြုကျင့်သည်ဟု ဆိုကာ  ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းတွင် ဒေါ်ခင်မာမြင့်က သုဝဏ္ဏနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် တရားလိုဖြစ်သူ အိမ်အကူဒေါ်ခင်မာမြင့်နှင့် အိမ်အကူပွဲစားဒေါ်ညိုတို့ကို စစ်ဆေးရာမှ လိမ်လည်တိုင်ကြားကြောင်း ပေါ်ပေါက်ခဲ့သောကြောင့် ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန် ထားသည်။

အဆိုပါအမှု၏ နောက်ရုံးချိန်းကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ လာမည့် သြဂုတ်လ ၁၅ ရက်တွင်ပြန်လည်စစ်ဆေးရန် ချိန်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly