အောင်ရဲထွေးအမှု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းမည်

အောင်ရဲထွေးအမှု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းမည်
ဓာတ်ပုံ - အောင်ရဲထွေး facebook

ရန်ကုန် ၊ သြဂုတ် ၁ ။            ။ ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခြင်းနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဟု ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ညွန့်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

“ကျွန်တော်တို့အစည်းအဝေးထိုင်ပြီးတော့မှ ဆက်လက်ဆောင်ရွက်ပါမယ်။ ဘာတွေဆွေးနွေးမယ်၊ ဘယ်လိုဆုံးဖြတ်မလဲ၊ အသေးစိတ်ပြောဖို့ကတော့ စောသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့ စုံညီအစည်းအဝေးထိုင်ပြီးတော့ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပါမယ်” ဟု ဦးဟန်ညွန့်က ဆိုသည်။

သို့သော်လည်း မည်သူများကို စစ်ဆေးမည် ၊ မည်သို့စစ်ဆေးမည်ကို ပြောဆိုရန် စောနေပြီး ကော်မရှင်အတွင်း၌ အစည်းအဝေးဆုံးဖြတ်ပြီးမှသာ သိရှိနိုင်မည်ဟု ၎င်းကဆိုသည်။

အဆိုပါအမှုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က  ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ တို့အား ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့က ခေါ်ယူတွေ့ဆုံပြီး အောင်ရဲထွေးအသတ်ခံရသောအမှုရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းအရာများ၊ အခြားပတ်သက်ဆက်နွယ်မှုများကို တိတိကျကျစိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်မှာကြားထားသည်။

လက်ရှိအချိန်တွင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံထားရသူ ၃ ဦးကို လွှတ်ပေးခဲ့မှုအပေါ် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးက တိုင်းဒေသကြီးတရားလွှတ်တော်သို့ ဇူလိုင်လ ၃၀ ရက်နေ့က ပြင်ဆင်ချက်တင်သွင်းထားသည်။

ယင်းအတွက်ကြောင့် အောင်ရဲထွေးအား သတ်သူအဖြစ် စွပ်စွဲခံရသူ ၃ ဦးကို ပြန်လည်ခေါ်ယူရန် သမာန်စာကို ပေးပို့သွားမည်ဖြစ်ပြီး အမှုရုပ်သိမ်းထားမှုကို လက်ခံသင့်၊မသင့်ကို တရားသူကြီးမှ ၎င်းတို့၏ လျှောက်လဲချက်များကို ကြားနာပြီး စိစစ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဟာသရုပ်သံတိုများကြောင့် Facebook လူမှုကွန်ယက်စာမျက်နှာတွင်လူသိများခဲ့သည့် အောင်ရဲထွေး (ခ) ရဲထွေးအောင် သည် ၎င်း၏ ချစ်သူနှင့်အတူ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညတွင် The One Entertainment ၏ ဖျော်ဖြေရေးပွဲသို့ သွားရောက်စဉ် လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့မှုကို ခံခဲ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် ရရှိထားသောဒဏ်ရာများနှင့် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းသေဆုံးမှုအတွက် ရန်ပွဲအတွင်း အောင်ရဲထွေးကို ထိုးကြိတ်ကန်ကျောက်ခဲ့ကြသည်ဟုဆိုသည့် သန်းထွဋ်အောင် (ခ) သားကြီး ၊ ကျော်ဇောဟန် (ခ) ကျော်ဇော နှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးစလုံးကို ရဲစခန်းသို့ မိဘများက လာရောက်ပို့ဆောင်အဖမ်းခံခိုင်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly