အထက်မြန်မာပြည် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ အတည်ပြု ကြေညာခြင်းအခမ်းအနား ကျင်းပ

အထက်မြန်မာပြည် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ အတည်ပြု ကြေညာခြင်းအခမ်းအနား ကျင်းပ

 

သြဂုတ် ၁ ။ မန္တလေး ။            ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွဲ့စည်းပေးထားသည့် အထက်မြန်မာပြည်အနှံရှိ မြို့နယ်ဘောလုံးအဖွဲ့ချုပ် (၁၀၁) ခု  တရားဝင်အတည်ပြုကြေညာခြင်းအခမ်းအနားကို သြဂုတ်လ (၁)ရက်နေ့၊ နံနက် (၈)နာရီ၊ Mandalay Convention Center တွင် ကျင်းပပြုလုပ်ခဲ့သည်။

အထက်မြန်မာပြည် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ အတည်ပြု ကြေညာရေးအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မြို့နယ် (၁၀၁) ခု မှ ဥက္ကဌအပါအဝင် တာဝန်ရှိသူ (၃)ဦးစီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအသီးသီးမှ  အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတာဝန်ရှိသူများ၊ ဘောလုံးအားကစားကို စိတ်ပါဝင်စားစွာ ဆောင်ရွက်နေသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကားပြောကြားရာ  မြန်မာ့ဘောလုံးလောက ရွှေထီးဆောင်းသည့်ကာလကို ပြန်မပြောလိုသော်လည်း ဘာကြောင့် အောင်မြင်ခဲ့သည်ကို ပြန်လေ့လာဖို့လိုကြောင်း၊ ပိရမစ်ပုံစံ အောက်ခြေခိုင်ရမည်ဖြစ်ကြောင်း၊ ကစားသမားများ အသက်မှန်ကန်ရန်လိုအပ်ကြောင်း၊ ပရော်ဖက်ရှင်နယ်ပီသရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်ယှဉ်လျှင် မိမိတို့တွင် လိုအပ်ချက်များစွာရှိနေသေးကြောင်း၊ ပွဲကြည့်ပရိသတ်များ ကွင်းထဲပြန်ရောက်လာရန် ဘောလုံးပွဲများ ရသပေးနိုင်ရန် လိုအပ်ကြောင်း၊ ဘောလုံးလောကတိုးတက်စေရန် အခြေခံကစသည့် ခြေလှမ်းများကို အားပေးရန်လိုကြောင်း၊ အဖွဲ့ချုပ်များ အနေဖြင့် လူငယ်များကို ဘောလုံးအားကစားစိတ်ဝင်စားလာအောင် ဆွဲဆောင်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း “ပညာရေး၊ ကျန်းမာရေး၊ အားကစားဌာနတွေ ပူးပေါင်းပြီး လုပ်ဖို့လိုတယ်။ ဘောလုံးအားကစားကို စိတ်ဝင်စားလာအောင် မြို့နယ်အဖွဲ့ချုပ်တွေနဲ့ ပေါင်းလုပ်သွားမယ်။ ဘောလုံး တိုးတက်ဖို့ မြို့မိ၊ မြို့ဖတွေနဲ့ စုစုစည်းစည်း ပူးပေါင်းပြီးလုပ်နိုင်ရင် မခက်ပါဘူး။ အခက်ဆုံးအချက်က ပေါင်းလုပ်လို့ မရတာပဲ။ စနစ်တကျအဖွဲ့အစည်းလုပ်လိုက်ရင်တော့ ပေါင်းလုပ်လို့ မရစရာအကြောင်းမရှိပါဘူး။အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ဘောလုံးလောကတိုးတက်ဖို့ ဆောင်ရွက်ပေးပါလို့ ပြောကြားလိုပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံဘောလုံးချုပ်မှ ဖွဲ့စည်းထားရှိပြီးသော မြို့နယ်ဘောလုံးအဖွဲ့ချုပ်များသို့ ပြိုင်ပွဲကျင်းပရေးစီမံခန့်ခွဲရေးသင်တန်း၊ ဒိုင်လူကြီးသင်တန်း၊ နည်းပြသင်တန်း၊မီဒီယာနှင့် ဈေးကွက်ရှာဖွေရေးသင်တန်းများ၊ ပြိုင်ပွဲကျင်းပရာတွင်လိုအပ်သည့် ပြိုင်ပွဲကြီးကြပ်သင်တန်းများကိုနှစ်စဉ် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ပြိုင်ပွဲကျင်းပရာတွင် လိုအပ်သော ဘောလုံးနှင့် ပတ်သတ်သည့် အထောက်အပံ့ပစ္စည်းများ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကျန်ရှိနေသည့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များကို မြန်မာပြည်အနှံ့ ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ပြီး မြန်မာ့ဘောလုံးလောက အဆင့်အတန်းပိုမိုတိုးတက်စေရေးအတွက် မျိုးဆက်သစ်ကစားသမားများ ပေါ်ထွက်လာရေး၊ သက်တမ်းအလိုက် လူငယ်ဘောလုံး ပြိုင်ပွဲများကို စနစ်တကျ ပိုမိုကျင်းပနိုင်ရေး နှင့် နည်းပြ၊ ဒိုင်လူကြီး၊ ဖူဆယ်၊ အမျိုးသမီးဘောလုံး အခန်းကဏ္ဍများပိုမို တိုးတက်အောင်မြင်စေရေးအတွက မြို့နယ်ဘောလုံးအဖွဲ့ချုပ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly