မြန်မာပြည် . . မြောက်ဖျား ( ၃ )

မြန်မာပြည် . . မြောက်ဖျား ( ၃ )

ကျွန်တော်တို့ နှစ်ညတာတည်းခိုတဲ့ ကချင်ပြည်နယ် ပူတာအိုမြို့ရဲ့ အထင်ကရ ပထမတန်းစား ဟိုတယ်တွေထဲက ဟိုတယ်တစ်ခုဖြစ်တဲ့ ပူတာအိုဟိုတယ်ဟာ မျက်နှာချင်းဆိုင် ခြံဝန်းအကြီးကြီး နှစ်ခြံကို အနောက်တိုင်းနဲ့ အရှေ့တိုင်းကျေးလက်ပုံစံတွေနဲ့ ခေတ်မှီမှီ တစ်ထပ်အဆောက်အဦတွေကို စနစ်တကျတည်ဆောက်ထားပြီး အမိုးတွေကိုတော့ ဒေသပုံစံသက်ကယ်လိုလို မိုးထားလို့ အမြင်အားဖြင့် အင်မတန် တင့်တယ်သပ်ရပ်ပါတယ် ။ ဒါပေမယ့် တကယ်အားနည်းချက်ကြီးကတော့ လျှပ်စစ်မီးကို ကိုယ်ပိုင်မီးစက်နှင့် ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ ဟိုတယ်ပိုင်မီးစက်က   ပေးနိုင်တာပဲဖြစ်ပါတယ်။ ၂၀ ဂာစုကနေ ၂၁ ရာစုကို လှန်းတက်တာပူတာအိုမြို့ ကျန်ခဲ့တာတော့ စိတ်မကောင်းစရာပါ ။

ဒါပေမယ့်လည်း ပူတာအိုမြို့ လျှပ်စစ်မီးအပြည့်အဝရဖို့အတွက် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကိုဆောင်ရွက် နေတာ ပြီးသလောက်ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ကျွန်တော်က ရေအားလျှပ်စစ်ကို စိတ်ဝင်စား တော့ စီမံကိန်းကိုလည်း ရသလောက်ကြည့်ရှုခဲ့ပါသေးတယ်။ ပူတာအိုမြို့ရဲ့ တစ်ခုတည်းသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန   ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ၊အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းပဲ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်စီမကိန်းဟာ ကျွန်တော်တို့ တွေ့ဘူးသမျှထဲမျာတော့   သေးသေးလေးဆိုပေမယ့် နည်းပညာအရတော့ မနိမ့်တဲ့သဘောတွေ့ရပါတယ် ။ ခြောက်လအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်လိမ့်မယ်လို့တော့ ဒေသခံတွေကပြောပါတယ် ။

ကျွန်တော်တို့ ပူတာအိုကိုသွားကြတဲ့အထဲမှာ ရေအားလျှပ်စစ်ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ သူငယ်ချင်းတစ်ယောက်လည်း ပါပါတယ်။ သူကလည်း ပထမဆုံးအကြိမ်ရောက်ဖူးတော့ ပူတာအိုမြို့ရဲ့ တောင်တွေပေါ်က ရေဆင်းတွေကို ကြည့်ပြီး၊ ရေအရင်းအမြစ်တွေကို ကြည့်ပြီး သဘောကျနေပါတယ် ။ မလိခမြစ်ရဲ့ ရေအရင်းအမြစ်တွေနဲ့ သာရေအားလျှပ်စစ်ထုတ်လုပ်နိုင်မယ်ဆိုရင် မြောက်ပိုင်း ခါကာဘိုရာဇီကနေ ပူတာအိုတောင်ပိုင်း မြို့ရွာအနှံ့ အားလုံးမီးပေးနိုင်မှာဖြစ်ကြောင်း မချိတင်ကဲ ပြောတာကိုလည်း စိတ်ထဲမှတ်ထားလိုက်ပါသေးတယ်။ ကျွန်တော်တို့ဟာ ပူတာအိုမြို့က ချောင်းတွေနဲ့ မလိခမြစ်ကြီးကိုလည်း အသေအချာခံစားခဲ့ပါသေးတယ်။ လှပတဲ့ရှုခင်းတွေကိုလည်း ငေးမောခဲ့ပါသေးတယ် ။ မလိခမြစ်နဲ့ မလှမ်းမကမ်းရှိ ကျောက်နဂါးဘုရား ၊ မလိခမြစ်ကမ်းဘေး မြစ်ရေတွေနဲ့ ထိစပ်နေတဲ့ ကောင်းမှုလုံစေတီကိုလည်း ဖူးခဲ့ပြန်ပါတယ်။ ကောင်းမှုလုံစေတီရဲ့ သမိုင်းကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကောင်းမှုလုံစေတီကို ရွှေဆတ်မင်းစေတီလို့လည်း နှောင်းလူတွေကခေါ်ကြတယ်လို့ သိရပါတယ် ။ ဂေါတမမြတ် စွာဘုရားနုစဉ် ရွှေဆတ်မင်းဖြစ်ချိန်မှာ မိန်းခမ်းတီ(ယခုပူတာအို) ဒေသဟာ ဟိမဝန္တာတောနှင့် ဆက်စပ်ပြီး တောကြီးမျက်မည်းဖြစ်ခဲ့ပါတယ်။ ကပ္ပါလရွှေဆတ်မင်းဟာ ဆတ်အပေါင်းရှစ်သောင်းခြံရံပြီး နမ့်ကျို(ယခုမလိခ) နှင့် နမ့်ပလပ်ချောင်းဆုံရာ ငွန်းလုန် ဟုခေါ်တဲ့ အရပ်မှာ အခြေချနေထိုင်ခဲ့ဘူးပါတယ် ။ ထိုနေရာကို နန်းတော်ကြီးကဲ့သို့ သဘောထားပြီး ဆတ်မအပေါင်းနှင့် ပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းပြီး နေထိုင်ကျက်စားခဲ့တယ်လို့ သိရပါတယ်။ တစ်နေ့သော အခါမှာတော့ ရှေးပါရမီအဟုန်ရဲ့ စေ့ဆော်တိုက်တွန်းမှုကြောင့် ရေအိုင် ငယ်လေးရဲ့ ဘေးတစ်နေရာမှာ မြက်စားနေရာမှ ဆတ်မများလာရောက် တွန်းခွေ့ကျီစားနေလို့ ဆတ်မင်းကြီးမှာ စားချင်တိုင်းကောင်းကောင်းမစားရဘဲ ဖြစ်နေပြီး စိတ်လည်းမဆိုးရက်ဘဲ ရှိနေပါတယ်။ နောက်တစ်နေ့ ရေသို့ ဆင်းပြီးရေသောက်မယ်လုပ်တဲ့အခါမှာလည်း အရိပ်အခြေမသိတဲ့ ဆတ်ငယ်ကလေးများ ချောင်းအထက်က ဆင်းသက်ပျော်မြူးနေကြလို့ ရေကြည်ရေသန့်ကို မသောက်ရဘဲ ဖြစ်နေခဲ့ရပြန်ပါတယ်။ ဒါကြောင့် ရွှေဆတ်မင်းဟာ စားချင်တိုင်းကောင်းကောင်းမစားရ ၊ သောက်ချင်တိုင်းလည်းကောင်းကောင်း မသောက်ရဘဲ ဖြစ်နေခဲ့ တဲ့ဘဝဟာ မိမိအား ဝန်းရံနေကြသော ဗိုလ်ပါပရိတ်သတ်ကြောင့် ဖြစ်ရကြောင်းသံဝေဂဉာဏ်များ ဖြစ်ပေါ်လာပါတယ်။ မိမိရဲ့ အသက်အရွယ် တဖြေးဖြေး ကြီးရင့်လာရခြင်းကိုလည်း သံဝေဂဥဏ်များဖြစ်ပေါ်လာခဲ့ပြီး ရှေးအတိတ် ဘဝကို ပြန်လည်အမှတ်ရသော ဇာတိဿရဉာဏ်များ ဖြစ်ပေါ်လာပါတော့တယ် ။ ရှေးကတည်ဆောက်ခဲ့ဖူးတဲ့ သီလသိက္ခာပုဒ်ကို အမှတ်ရခဲ့လို့၊ ထိုသီလတန်ခိုးအကျိုးတို့ကြောင့် ဖြစ်တည်ရဘဝမှာ သူတကာတို့ထက် ကြီးမြတ်လာခဲ့ရပုံကိုလည်း သိမြင်ခဲ့ရပါတယ်။ ဒါကြောင့်ပင် မိမိအခြံအရံများကို ပစ်ထားခဲ့ကာ တစ်ကိုယ်တည်း ဥပုသ်သီလဆောက်တည်ရန် နေရောတစ်ခုကိုရှာဖွေဖို့ နမ့်ပလပ်ချောင်းအတိုင်းအထက်ကို ဆန်တက်ပြီး ယခု မန်စေကျေးရွာအုပ်စု ၊ ဖန်ခိုင်(၁) ဒေသကိုရောက်သော် စမ်းချောင်းငယ်လေးတစ်ခုကို တွေ့လို့ ဆန်တက် လာခဲ့ရာ တောင်ကုန်းတစ်ခုကိုတွေ့ပြီး ထိုတောင်ကုန်းဟာ ရှစ်ပါးသီလဆောက်တည်ရန် အထူးသင့်တော်သည်မို့ သွားနေစဉ်၊ လာနေစဉ်၊ ထိုင်နေစဉ်၊ အိုင်အတွင်း ဝပ်ကျင်းမှာ ဝပ်ကျင်းဝပ်၍နေစဉ် စသည်တို့၌သတိထား ပြီး ပြုမူနေထိုင် သွားလာခဲ့သဖြင့် ရွှေဆတ်မင်းရဲ့ သီလဟာအထူးစင်ကြယ်ပြီး   တောစောင့်နတ် တောင်စောင့် နတ်များကလည်း အလောင်းတော်ရွှေဆတ်မင်းအား အထူးပင်ကြည်ညိုကြတယ်လို့ ဆိုပါတယ်။ ထိုနေရာမှပဲ တစ်ကိုယ်တည်းဥပုသ် သီတင်းသီလ ဆောက်တည်လာခဲ့သည်မှာ  (၈)နှစ်တိုင်ခဲ့ပြီး (၉)နှစ်မြောက် ဝါတွင်းတွင်မူ အသက်အရွယ်ကြီးရင့် အိုမင်းလာခဲ့လို့ တောင်ခြေရှိစမ်းချောင်းငယ်နံဘေးမှာ ရေသောက်ရင်းနားနေရမှ သေဆုံး သွားပါလေတော့တယ်။ တောတောင်စောင့်နတ် အပေါင်းတို့ကလည်း ဝမ်းနည်းကာ ရွှေဆတ်မင်းအလောင်းကို နောက်ဆုံးသဂြုၤ ိလ်သောအားဖြင့် ရေများကြီးစေခဲ့ပြီး စမ်းချောင်းငယ်လေးအတိုင်း မျှောချပေးလိုက်ပါတော့တယ်။

ရွှေဆတ်မင်းရုပ်အလောင်းမျှောချရာ စမ်းချောင်းငယ်လေးအား ဟွေ့ကန်ခေ (ဆတ်သေချောင်း)ဟုယနေ့တိုင် အမည်တွင်နေတယ်လို့လည်း သိရပါတယ်။ တစ်လကျော်အကြာမှာတော့ ကောင်းမှုလုံစေတီ တည်ထားရာဖြစ်တဲ့ ငွန်းဗြစ် (ဟင်္သာကုန်း)မှာ သောင်တင်နေပြီး ထိုနေရာမှာပင် ဘုရားအလောင်းရွှေဆတ်မင်းရုပ်အလောင်းဟာ ပုပ်သိုးဆွေးမြေ့ပြီး အရိုးတော်တင်ကာ ကျန်ရစ်ခဲ့ပါတော့တယ်။

ဘီစီ (၃၀၀)ခန့်မှာတော့ မိန်းခမ်းတီဒေသအား အုပ်ချုပ်သော ဘုရင်မှာ စောဝ့်လုမ်းလုန်မင်းကြီးဖြစ်ပြီး ထိုအချိန် မဇ္ဈိမတိုင်း ပါတဋလိပုတ်ပြည်၌ သီရိဓမ္မာအာသောကမင်းကြီးက ပစ္စည်းလေးပါးဒါယိကာပြုပြီး သံဃာ့ရာဇာဖြစ် သောအရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်ကို အကြီးအမှုးပြုကာ တတိယသင်္ဂါယနာကို တင်တော်မူခဲ့ပြီး ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကိုအစုပေါင်း (၈၄၀၀၀)ခွဲပြီး ၊ ကိုးတိုင်းကိုးဌာနအရပ်ဒေသသို့ စေတီတော်ပေါင်း (၈၄၀၀၀)ကို တည်ထားစေခဲ့သည့် အချိန်လည်းဖြစ်ပါတယ် ။ အာသောကမင်းကြီး စေလွှတ်ခဲ့သော သာသနာပြုအဖွဲ့ဟာ ရွှေဖောင်ပေါ်တွင် မြတ်စွာဘုရား၏ ဓာတ်တော်ကြုတ်များကို တင်ယူပင့်ဆောင်လာခဲ့ကြပြီး ဧရာဝတီမြစ် ကမ်းနံဘေးဝဲယာအထင်ကရ နေရာများတွင် စေတီတော်များတည်ထားခဲ့ပြီး နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ဓာတ်တော်ကြုတ် ငါးဆူကို ယခုမြစ်ကြီးနားမြို့ အောက်ဖက်   ရွှေခေါင်ဖူးအရပ် မြစ်ကမ်းနံဘေး မြတ်စွာဘုရား ငါးမင်းဖြစ်တော်မူစဉ်ဘဝက ပါရမီဖြည့်ဆည်းခဲ့ရာ ကျောက်ဖျာပေါ်တွင် ဌာပနာ ထည့်သွင်းပြီး စေတီတော်တည်ထားရန် ဆောင်ရွက်ခဲ့ကြတယ်၊ ညပိုင်းမှာ ဓာတ်တော်ကြုတ်ငါးဆူကို ထည့်သွင်း ကာ ဌာပနာတိုက်ကိုပိတ်လိုက်သော်လည်း နံနက်ပိုင်းတွင်မူ ဓာတ်တော်ကြုတ် ငါးဆူအနက် သုံးဆူမှာ ဌာပနာ တိုက်အပြင်ဖက်မှာ တင့်တယ်စွာ စံပယ်နေသဖြင့် တန်ခိုးအဘိဉာဏ်ဖြင့်ပြည့်စုံသော ရဟန္တာအရှင်သူမြတ်များ က  တန်ခိုးဖြင့်ကြည့်ရှုဆင်ခြင်ရာ မြစ်ဖျားပိုင်းတွင် အထင်ကရ မြေမြတ်နေရာ တစ်နေရာကျန်ရှိနေသေး ကြောင်း   တွေ့ရှိသဖြင့် ထိုမြေမြတ်နေရာတွင် စေတီတော်တည်ရန်ဆုံးဖြတ်ကြသည် ။ သို့သော် ရွှေဖောင်တော် ဖြင့်ဆန်တက်ရန်မဖြစ်နိုင်တော့သဖြင့် အခက်အခဲတွေ့နေစဉ် စတုမဟာရာဇ် အောက်နတ်အနွယ်ဝင်ဖြစ်သည့် တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံတဲ့ငေ့ခိုင်ခမ်းအမည်ရမိကျောင်းကြီးဟာထိုမြေမြတ်နေရာထိရောက်အောင် ဓာတ်တော်ကြုတ်များကို ပင့်ဆောင်သယ်ယူခွင့်ပေးရန် ပန်ကြားခဲ့သဖြင့် ခွင့်ပြုပေးခဲ့တယ် ။ ထေရ်ကြီးရဟန်းများက ထိုနေရာထိုဒေသတွင် ဗုဒ္ဓသာသနာ ပြန့်ပွားရန်အတွက် အရှင်မဟာယဿတိဿအမည်ရ ရဟန်းမထေရ်ကြီးကို ဦးဆောင်စေပြီး သူ၏ နောက်လိုက်ရဟန်းတော်တော် (၃)ပါးအား တာဝန်ပေးအပ်ကာ ကောင်းကင်ဈာန်ခရီးဖြင့် မိန်းခမ်းတီဒေသသို့ ကြွချီလာခဲ့တယ် ။

ငေ့ခိုင်ခမ်း နှင့် မိကျောင်းအုပ်ကြီးဟာ မြစ်ကြောင်းအတိုင်းဆန်တက်လာပြီး ယခုကောင်းမှုလုံစေတီတည်ရှိရာသို့ ရောက်သော် ဦးခေါင်းကိုဖော်၍ (၃)ကြိမ်တိုင်တိုင် အသံနက်ကြီးဖြင့်ကျူးရင့် လိုက်ပါတော့တယ် ။ မိန်းခမ်းတီဘုရင်စောဝ်လုမ်းလုန်မင်းကြီးကိုယ်တိုင် ထိုအသံနက်ကြီးကိုကြားပြီး တိုင်းသူပြည်သားများ စိုးရိမ်ထိတ်လန့်နေစဉ် ကောင်းကင်ပြင်မှာ အဝါရောင်ဆင်မြန်းထားတဲ့ ရဟန္တာ(၄)ပါးက ဈာန်ဖြင့်ကြွချီလာရာ မကြုံစဖူးထူးကဲလှသ ဖြင့် ငေးမောကြည့်နေတုံးရဟန္တာလေးပါးကနန်းရင်ပြင်မှာဆင်းသက်ခဲ့ကြတယ် ။ ဘုရင်ကြီးကလည်း ဈာန်ဖြင့် ကြွချီလာတဲ့ ရဟန်းများကိုလူထူးဆန်းများအနေဖြင့် အထင်ကြီးကာ နေရာထိုင်ခင်းပေး၍ အကြောင်းစုံကိုမေး မြန်းခဲ့တယ်။ ရဟန်းတော်များကမ ိမိတို့သည် အတုမရှိတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော ဂေါတမမြတ်စွာဘုရားရဲ့ သားတော် တပည့်ရဟန်းများဖြစ်ကြောင်း ပြောပြရာမင်းကြီးဟာသူ၏ တပည့်များသည်ပင် ဤမျှတန်ခိုး ကြီးနေပါက မြတ်စွာဘုရားရှင်ကိုယ်တိုင်မှာမူ တုနှိုင်းဖွယ်ရာမရှိဟူသော အတွေးဖြင့် သရဏဂုံတည်ကြခဲ့တယ်။ ထိုနောက်မှာတော့ မင်းကြီးကအသံနက်ကြီး အကြောင်းမေးမြန်းရာစိုးရိမ်ထိတ်လန့်စရာမလိုဘဲ ဂေါတမမြတ်စွာဘုရားရှင် ဓာတ်တော်ကြုတ်များကို သယ်ဆောင်လာခဲ့တဲ့ မိကျောင်းကြီးများဖြစ်ကြောင်း လူတို့အားအန္တာရယ်မရှိကြောင်း ပြန်ရှင်းပြခဲ့တယ် ။ ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်ကြုတ်(၃)ဆူကိုလည်း မြတ်စွာဘုရားအလောင်းတော်ဘဝက အရိုးတော်မြေကျခဲ့သည့် ငွန်းဗြစ် ဟုခေါ်သောဟင်္သာကုန်းနေရာတွင် ဌာပနာထည့် သွင်းပြီးစေတီတစ်ဆူတည်၍ ကောင်းမှုလုံ(ရွှေဆတ်မင်း)အမည်ဖြင့် ယနေ့တိုင် ထင်ရှားလျက်ရှိပါတယ် ။

ပူတာအိုမြို့မှာထင်ရှားတဲ့စေတီဖြစ်လို့ ၊ သမိုင်းအထောက်အထားကလည်းသေချာယုံကြည်ရတာဖြစ်လို့ သွားရမှာလည်း အခက်အခဲရှိကြတဲ့ ပရိတ်သတ်တွေအတွက်ဖြစ်ပါတယ် ။ ။

သန့်ဇော် ( သန်လျင် )

Mizzima Weekly