ဆုကြေးငွေကျပ် ၁၅ သိန်းရရှိမည့် Myanmar Football King Challenge 2018 ပြိုင်ပွဲ ကျင်းပမည်

ဆုကြေးငွေကျပ် ၁၅ သိန်းရရှိမည့် Myanmar Football King Challenge 2018 ပြိုင်ပွဲ ကျင်းပမည်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

 

ရန်ကုန် ၊ ဇူလိုင် ၃၁ ရက် ။        ။ ဘောလုံးဝါသနာရှင်များအတွက် ဆုငွေကျပ် ၁၅သိန်းရရှိမည့် Myanmar Football King Challenge 2018 ကို လာမည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ဘောလုံးဝါသနာရှင်များ၏ ရည်မှန်းချက်အိပ်မက်များ အကောင်အထည် ဖော်နိုင်ရန် ဆိုသော ရည်ရွယ်ချက်ဖြင့် Streetstyle Football Challenge ပြိုင်ပွဲတစ်ရပ်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး ဇူလိုင်လ ၃၁ရက်နေ့က ရန်ကုန်မြို့ Junction City ၌ မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့သည်။

“ အနိုင်ရရှိတဲ့ Football King အတွက်တော့ ဆုငွေ ၁၅ သိန်း စီစဉ်ထားပါတယ်။ ပြိုင်ပွဲတစ်လျှောက် မှာလည်း ဖြတ်ကျော်လာခဲ့တာတွေအတွက်လည်း ဆုငွေတွေ ရသွားဦးမှာလည်း ဖြစ်ပါတယ်။ အထူးဆုကြီးကိုတော့ တစ်ယောက်ကပဲ ရမယ်။ ဒါပေမယ့် တစ်ခြားသောပြိုင်ပွဲဝင်တွေ အကုန်လုံးကလည်း ဆုတွေရသွားဖို့ ရှိပါတယ်"ဟု Myanmar Treasure Partners မှ မန်နေဂျင်းဒါရိုက်တာ ကိုပြည့်စုံဖြိုး က ဆိုသည်။

Myanmar Football King Challenge 2018 ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွင်းမှ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မော်လမြိုင်မြို့၊ တောင်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး၊ ပုသိမ်မြို့ စသည့် ဒေသများမှ ဘောလုံးဝါသနာရှင်များကို သွားရောက်ရွေးချယ်သွားမည်ဟုသိရပြီး ယှဉ်ပြိုင်သူများထဲမှ ဆန်ခါတင် ၃၂ ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Treasure Partners နှင့် Mizzima Tv တို့ပူးပေါင်းကျင်းပသော Myanmar Football King Challenge 2018 ပြိုင်ပွဲဝင်လျှောက်လွှာများကို သြဂုတ်လနှင့် စက်တင်ဘာလများတွင် လက်ခံပေးသွားမည် ဖြစ်သည်။  လျှောက်လွှာတစ်စောင်လျှင် ကျပ် ၁၅၀၀ ဖြင့် Myanmar Treasure Partners မှ သက်ဆိုင်ရာ ဒေသများတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Football King Challenge 2018 ပြိုင်ပွဲတွင် တိုင်းဒေသကြီးတစ်ခုစီမှ ပြိုင်ပွဲဝင် ၈ ဦးကို ရွေးချယ်သွားပြီး နောက်ဆုံးတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန်ခါတင် ၃၂ ဦးထဲမှ ဘောလုံး ဘုရင်အဖြစ် တစ်ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Football King Challenge 2018 ကိုမဇ္ဈိမတီဗီမှ ပြိုင်ပွဲတစ်လျောက်လုံး ထုတ်လွှင့်ပြသ သွားမည် ဖြစ်ပြီး ဆန်ခါတင်ပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly