မြိတ်မြို့တွင် စည်းကမ်းမဲ့အမှိုက်ပစ်၍ ကျပ်၂ သိန်း ဒဏ်ရိုက်ခံရသူ ၃ ဦးအထိ ရှိလာ

မြိတ်မြို့တွင် စည်းကမ်းမဲ့အမှိုက်ပစ်၍ ကျပ်၂ သိန်း ဒဏ်ရိုက်ခံရသူ ၃ ဦးအထိ ရှိလာ

 

မြိတ်၊ ဇူလိုင်လ ၃၁ ။          ။ မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မြို့ရွာ သန့်ရှင်း သာယာလှပရေးအတွက် “ စည်းကမ်းမဲ့ အမှိုက်ပစ်သူ” ဒဏ်ငွေ ၂ သိန်း၊ သတင်းပေးသူ ဆုငွေ ၁ သိန်း ဆိုင်းဘုတ်ကြော်ငြာကို တပ်ဆင်ပြီး တစ်လ အတွင်း ဒဏ်ရိုက်ခံရသူ ၃ ဦး အထိ ရှိလာကြောင်း သိရသည်။

 အမှိုက်များကို စည်းကမ်းမဲ့ မစွန့်ပစ်ရန် ဆုပေးဒဏ်ပေးစနစ်ဆိုင်းဘုတ်ကြော်ငြာကို ဇူလိုင်လ ဆန်းပိုင်းမှ စတင်၍ မြိတ်မြို့၌  အများပြည်သူသိရှိနိုင်သည့် နေရာ ၃၀ တွင် မြေစိုက်ဆိုင်းဘုတ်များကို မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးမှ တရားဝင် ကြေညာ စိုက်ထူထားခြင်း ဖြစ်သည်။

ယင်းသို့စိုက်ထူပြီး ၁ လအတွင်း ဒဏ်ကြေးဆေဆာင်ရသူ ၃ ဦး ရှိလာခြင်းဖြစ်ကြောင်း ယင်း ကော်မတီရုံးထံမှ သိရသည်။

 “ကျွန်တော်တို့ မြို့အတွက် တင်းကြပ်တဲ့ စည်းကမ်း ဆိုပေမယ့် အခုဆိုလျှင် ရပ်ကွက်တိုင်းမှာ အမှိုက်တွေ လာနိုင်အောင် စီစဉ်ပေးထားပါတယ်၊ ဒါကို လိုက်နာတဲ့ ပြည်သူတွေ ရှိသလို မလိုက်နာနိုင်တဲ့ ပြည်သူတွေ ကိုတော့ ကြေညာထားတဲ့ စည်းကမ်း အတိုင်း ဒဏ်ငွေ ရိုက်ပါတယ်”ဟု မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးမှ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

မြိတ်မြို့၌ ’စည်းကမ်းမဲ့ အမှိုက်ပစ်သူ’ ဒဏ်ငွေ ၂ သိန်း၊ သတင်းပေးသူ ဆုငွေ ၁ သိန်း စနစ်သည်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် နယ်နမိတ်အတွင်း အမှိုက်မပစ်ရ တားမြစ်ထားသည့် နေရာများတွင် ကုမ္ပဏီ သို့မဟုတ် ပြည်သူတစ်ဦးတစ်ယောက်မှ သော်လည်းကောင်း ဝန်ထမ်းတစ်ဦးဦးက စည်းကမ်းမဲ့ အမှိုက်များကို စွန့်ပစ်နေသည်ကို တွေ့ရှိပါက မည်သူမဆို မှတ်တမ်းဓာတ်ပုံများ၊ စွန့်ပစ်သည့်နေရာများနှင့် နေအိမ်တို့ကို အတိအကျ စည်/ ကော်သို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းနံပါတ်ဖြစ်စေ တိုင်ကြားသတင်းပေးနိုင်သူကို နာမည် လျှို့ဝှက်၍ ဆုငွေ ၁ သိန်း ချီးမြှင့်ပေးသွားမည် ဖြစ်ကာ၊ တိုင်ကြားခံရသူအား ဒဏ်ငွေ ၂ သိန်းကျပ်ဖြင့် သတိပေးအရေးယူသွားမည် ဖြစ်ကြောင်း စည်ပင်ကော်မတီရုံးထံမှ သိရသည်။

အဆိုပါ စည်းကမ်းမဲ့ အမှိုက်ပစ်သူကို ဒဏ်ငွေ ၂ သိန်းသည်၊ တိုင်းအစိုးရအဖွဲ့၏ ဒေသန္တရ အမိန့်ဖြင့် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ငွေဖြင့် ရိုက်ခံရသည့် ငွေကျပ် ၁ သိန်းကို စည်ပင်သာယာရေး ဘတ်ဂျက်ငွေအဖြစ် အသုံးပြုနိုင် ရန် မြန်မာ့စီးပွားရေးဘဏ်တွင် စာရွက်စာတမ်းများဖြင့် အပ်နှံလျက်ရှိသည်ဟု စည်/ ကော် ဥက္ကဋ္ဌ ဦးမြတ်ကိုကိုထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၈) အရ၊ တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေ အခန်း ၁၈၊ ပုဒ်မ ၆၆ အရ စီမံခန့်ခွဲရေးဆိုင်ရာ ဒဏ်ကြေးငွေကို သော်လည်းကောင်း သို့မဟုတ် သက်ဆိုင်ရာ တရားရုံးမှ တနင်္သာရီတိုင်းဒေသကြီး စည်ပင်ဥပဒေ အခန်း ၁၉၊ ပုဒ်မ ၇၀ အရ ငွေဒဏ် အနည်းဆုံး ကျပ် ၃၀၀၀၀ မှ အများဆုံး ၃၀၀၀၀၀ ထိ ချမှတ်ခြင်းကို သော်လည်းကောင်း ခံရမည်။ အဆိုပါ ပြစ်မှုကို ဆက်လက်၍ ဖောက်ဖျက် ကျူးလွန်လျှင် ကျူးလွန်သည့် နေ့ရက်များအတွက် တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေ အခန်း ၁၉၊ ပုဒ်မ ၇၄ အရ တစ်နေ့လျှင် ငွေဒဏ် ကျပ် ၁၀၀၀၀ ချမှတ်ခံရမည်ဟု ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly