အောင်ရဲထွေးအမှုရုပ်သိမ်းခြင်းကိစ္စကို မှန်မှန်ကန်ကန်ဆောင်ရွက်ရန် သမ္မတ တိုက်ရိုက်ညွှန်ကြား

အောင်ရဲထွေးအမှုရုပ်သိမ်းခြင်းကိစ္စကို မှန်မှန်ကန်ကန်ဆောင်ရွက်ရန် သမ္မတ တိုက်ရိုက်ညွှန်ကြား

 

ရန်ကုန် ၊ ဇူလိုင် ၃၁ ။            ။ သရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရသောအမှု ရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းအရာများ၊ အခြား ပတ်သက်ဆက်နွယ်မှုများကို တိတိကျကျစိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ညွှန်ကြားခဲ့သည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်သမ္မတအိမ်တော်၌ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ် ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ တို့အား ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်း မှာကြားခဲ့သည်ဟု သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါအမှုကြောင့် တရားစီရင်ရေးမဏ္ဍိုင်ကို တိမ်းစောင်းသွားစေနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စစ်ဆေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇူလှိုင် ၂၉ ရက်တွင် ရန်ကုန်တိုင်းလွှတ်တော်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ပြီးနောက် ယခုလို အစိုးရဘက်မှ ဆောင်ရွက်လာခြင်းဖြစ်သည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး စွပ်စွဲခံထားရသူ ၃ ဦးကို လွှတ်ပေးခဲ့မှုအပေါ် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးက တိုင်းဒေသကြီးတရားလွှတ်တော်သို့ ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့က ပြင်ဆင်ချက်တင်သွင်းလာသည်ဟု တိုင်းဒေသကြီးတရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။

အဆိုပါ ပြင်ဆင်ချက်အား တိုင်းဒေသကြီးတရားလွှတ်တော်မှ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၂၉၆(က)/၂၀၁၈ ဖြင့် အမှုဖွင့်လှစ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးတရားလွှတ်တော် မှ တရားသူကြီး ဦးအောင်နိုင်က စိစစ်သွားမည်ဟု ၎င်းကဆိုသည်။

ယင်းအတွက်ကြောင့် အောင်ရဲထွေးအား သတ်သူအဖြစ် စွပ်စွဲခံရသူ ၃ ဦးကို ပြန်လည်ခေါ်ယူရန် သမာန်စာကို ယနေ့ပေးပို့သွားမည်ဖြစ်ပြီး တရားသူကြီးမှ ၎င်းတို့၏ လျှောက်လဲချက်များကို ကြားနာကာ ယခုအမှု ရုပ်သိမ်းထားမှုကို လက်ခံသင့် မသင့် စိစစ်ဆောင်ရွက်သွားမည်ဟု ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။

“ကြားနာတဲ့အခါမှာ နှစ်ဖက်လျှောက်လဲချက်တွေကို နားထောင်မယ်။ ပြီးရင် ဒီခရိုင်တရားရုံးက အမှုရုပ်သိမ်းထားတာကို အတည်ပြုမပြု ဆုံးဖြတ်မယ်။ မှန်တယ်ထင်ရင် အတည်ပြုမယ်။ မမှန်ဘူးဆိုရင် ပြန်ပယ်မယ်။ ပယ်လိုက်မယ်ဆိုရင်တော့ ဒီအမှုကို ပြန်စစ်ရမှာပေါ့။ ပြန်စစ်တဲ့အခါမှာလည်း မူလတရားရုံးကိုပဲ ပြန်ချပေးပြီး ဆက်စစ်ဆေးရမှာပါ” ဟု သူက ဆိုသည်။

ဟာသရုပ်သံတိုများကြောင့် Facebook လူမှုကွန်ယက်စာမျက်နှာတွင်လူသိများခဲ့သည့် အောင်ရဲထွေး (ခ) ရဲထွေးအောင် သည် ၎င်း၏ ချစ်သူနှင့်အတူ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညတွင် The One Entertainment ၏ ဖျော်ဖြေရေးပွဲသို့ သွားရောက်စဉ် လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့မှုကို ခံခဲ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် ရရှိထားသောဒဏ်ရာများနှင့် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းသေဆုံးမှုအတွက် ရန်ပွဲအတွင်း အောင်ရဲထွေးကို ထိုးကြိတ်ကန်ကျောက်ခဲ့ကြသည်ဟုဆိုသည့် သန်းထွဋ်အောင် (ခ) သားကြီး ၊ ကျော်ဇောဟန် (ခ) ကျော်ဇော နှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးစလုံးကို ရဲစခန်းသို့ မိဘများက လာရောက်ပို့ဆောင်အဖမ်းခံခိုင်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly