မေဂျာလိဂ်မှာ ပထမဆုံးအကြိမ် ဟက်ထရစ်သွင်းယူခဲ့တဲ့ အီဗရာဟီမိုဗစ် MLS All-Star ပွဲစဉ်ကို လွှဲချော်မယ်

မေဂျာလိဂ်မှာ ပထမဆုံးအကြိမ် ဟက်ထရစ်သွင်းယူခဲ့တဲ့ အီဗရာဟီမိုဗစ် MLS All-Star ပွဲစဉ်ကို လွှဲချော်မယ်
(ဓာတ်ပုံ - AFP, EPA)

ဆွီဒင်ကြယ်ပွင့်တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်ဟာ ဗုဒ္ဓဟူးနေ့မှာ အသင်းဟောင်း ဂျူဗီတပ်စ်အသင်းနဲ့ ခြေစမ်းကစားမယ့် MLS All-Star အသင်းစာရင်းမှာ ပါဝင်မှာ မဟုတ်ဘူးလို့ အယ်လ်အေဂလက်စီအသင်းက မေဂျာလိဂ် စည်းမျဉ်းအရ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

မေဂျလိဂ်စည်းများအရ တစ်ပတ်အတွင်း ၃ ပွဲကစားခြင်းကို တာမြစ်ထားသလို ခရီးသွားလာရမှုကိုလည်း တွက်ချက်ပြီး All-Star အသင်းမှာ မကစားစေဖို့ အသင်းက အခုလို ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

မိုဗစ်ဟာ All-Star အသင်းလူစာရင်းမှာ ရွေးချယ်ခံရပေမယ့် တစ်ပတ်အတွင်း ၃ ပွဲကစားရမှာမို့ ဂျူဗီတပ်စ်နဲ့ပွဲကို လွှဲချော်ခဲ့တာဖြစ်ပါတယ်။

“ကျနော့်ရဲ့ အသင်းဟောင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ၂၀၁၈ All-Star အသင်းမှာ မပါနိုင်တာကြောင့် စိတ်ပျက်မိပါတယ်။ အသင်းလူစာရင်းမှာ ရွေးချယ်ပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေဇူးတင်ပါရစေ။ ကျနော့်ရဲ့အဓိက ရည်မှန်းချက်က ဂိုးတွေ သွင်းပြီး အယ်လ်အေဂလက်စီအသင်းကို ကူညီသွားဖို့ဖြစ်ပါတယ်။”လို့ မိုဗစ်က ပြောပါတယ်။

အယ်လ်အေဂလက်စီအသင်းရဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ အော်လန်ဒိုစီးတီးကို အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ကပွဲမှာ သူ့ရဲ့ မေဂျာလိဂ်ကစားသမားဘဝ ပထမဆုံးအကြိမ် ဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်။ သူဟာ ဒီရာသီ ဂလက်စီအတွက် ၁၇ ပွဲကစားပြီး ၁၅ ဂိုးအထိ သွင်းယူးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

“ကောင်းမွန်တဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ အသင်းအတွက်ရော ကျနော်အတွက်ရောပေါ့။ ကျနော် ၃ ဂိုးသွင်းတယ်။ တစ်ဂိုး ဖန်တီးတယ်။ ကျနော်တို့ ပွဲကို အနိုင်ရခဲ့တယ်။ ပွဲကို မနိုင်ခဲ့ရင်တော့ ဘယ်လောက်ပဲ ဂိုးသွင်းသည်ဖြစ်စေ၊ ဖန်တီးမှုပြုလုပ်သည်ဖြစ်စေ ဒါတွေက အရေးမပါတော့ပါဘူး။ နိုင်ပွဲရမှ ကွဲပြားခြားနားတဲ့ အရာပါ။”လို့ အသက် ၃၆ နှစ်ရှိ တိုက်စစ်မှူးက ဆိုပါတယ်။

အီဗရာဟီမိုဗစ်ဟာ ဒီနှစ်အစောပိုင်းက မန်ချက်စတာယူနိုက်တက်ကနေ ဂလက်စီအသင်းဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

သူဟာ ဂလက်စီအသင်းကို နောက်ဆုံး (၉)ပွဲဆက် ရှုံးပွဲမရှိအောင် ကူညီခဲ့ပြီး အသင်းဟာလည်း အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေကာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဒါးလက်စ်အသင်းနဲ့ (၇)မှတ်သာ ကွာဟခဲ့ပြီဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly