လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

 

ပြီးခဲ့တဲ့ ဆွေးနွေးခန်းမှာ စကားပြေမှာအသုံးပြုလေ့ရှိတဲ့ “တွဲလုံး” တွေအကြောင်းပြောခဲ့ပါတယ်။

စကားပြေရေးတဲ့အခါ အဓိပ္ပါယ်ပိုမိုလေးနက်ဖို့ ခန့်ခန့်ညားညားဖြစ်ဖို့အတွက် တွဲလုံးတွေ အသုံးပြုရေးကြရတာ အမှန်ပါပဲ။ တွဲလုံး ဆိုတာ အဓိပ္ပါယ်ထပ်တူဖြစ်တဲ့စကားလုံးနဲ့ အဓိပ္ပါယ်ဆက်စပ်မှုရှိတဲ့စကားလုံးတွေကို တွဲသုံးထားတာပါပဲ။ ဒါပေမယ့် ပိုမိုလေးနက်ဖို့ တွဲလုံးကို အသုံးပြုကြတာမှန်ပေမယ့် အဓိပ္ပါယ်ကြစ်လစ်ဖို့ အဓိပ္ပါယ်ပိုမိုရှင်းလင်းတိကျဖို့ အတွက်ဆိုရင် တွဲလုံးကို မသုံးမပြုတာက ပိုကောင်းတဲ့အကြောင်း အစရှိတဲ့ တွဲလုံး များအကြောင်းလည်း ပြောခဲ့ပါတယ်။

ဒီနေရာမှာ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ရဲ့ စကားပြေသဘောတရားအကြောင်း ရှင်းလင်းပြဆိုခဲ့တဲ့ စာပိုဒ်တချို့ကို သာဓကထားပြီး ပြန်တင်ပေးချင်ပါတယ်။ ဒီစာပိုဒ်တွေ ဒီဥပမာတွေနဲ့ပဲ တွဲလုံး အကြောင်း နိဂုံးချုပ်ချင်ပါတယ်။ ပြီးတော့မှ “စကားနွမ်း” နဲ့ “စကားရှုပ်” အကြောင်း ဆက်ပြောချင်ပါတယ်။

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) အခုလို ဥပမာပေးပြီး တွဲလုံးအကြောင်းရှင်းပြပါတယ်။

“ စစ်ရေးစစ်မှုရှိလျင်လည်း နေ့ညမဟူ တစ်စမလစ် စစ်ကဲနာခံ တပ်ရေးမှူးနှင့် နှလုံးမကွဲ တစ်စိတ်တစ်ဝမ်းတည်း အသက်ဦးလည် မငဲ့မကွက် ရဲရဲဝံ့ဝံ့ စွန့်စားထမ်းရွက် တစ်ဖက်ရန်သူကို အလွယ်တကူ အောင်မြင်နိုင်၍ အကျိုးတော်ရှိမည်ဖြစ်သည့် သူရဲသူခက် ရဲမက်လက်နက်ကိုင်တို့ စိတ်နှလုံးရွှင်လန်းစွာ တိုက်ရေးလှံရေး ကျွမ်းကျင်နားလည်အောင်ကိုသာ ဆင့်ဆိုစီရင် သင်ကြားထမ်းရွှက်ကြစေ”

ဒါက ကုန်းဘောင်ခေတ် မြန်မာမင်းများလက်ထက် လွှတ်တော်မှထုတ်ပြန်သော အမိန့်တော်ပြန်တမ်းတစ်ခုမှ ကောက်နှုတ်ချက်ပါပဲ။ ဒီနေရာမှာ ဘုရင့်အမိန့်တော်ပြန်တမ်းဖြစ်သည့်အားလျော်စွာ ခန့်ညားထည်ဝါစေဖို့အတွက် တွဲလုံးတွေအသုံးပြုထားတာ တွေ့ကြရမှာပါ။  အဓိပ္ပါယ်ဆက်စပ်သော စကားလုံးများကို ဝေေ၀ဆာဆာ တွဲသုံးပြီး တွဲလုံးအဖြစ် ရေးထားတာတွေ့ကြရမှာပါ။

နောက်ထပ် ဥပမာတစ်ခုကိုကြတော့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)က အခုလို ဥပမာပေးပြီး ရှင်းပါတယ်။

“ ဆင်သားသည် အဆီမရှိ။ ဆိမ့်၏၊ စဉ်းငယ်ချဉ်ငံ၏၊ လေသလိပ်ကို နိုင်၏၊ သည်းခြေကို ပျက်စေတတ်၏၊ လူကို ပိန်စေတတ်၏၊ ပိန်၏။”

ဒီစာပိုဒ်က ယောမင်းကြီး ဦးဘိုးလှိုင် ရဲ့ ဥတုဘောဇန သင်္ဂဟကျမ်းကဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစာပုဒ်မှာ အကြောင်းအရာက စားရသောအသားရဲ့ ဂုဏ်သတ္တိကိုဖေါ်ပြရာမှာ ရှည်ဝေးရှုပ်ထွေးမရှိအောင် ရေးရတာဖြစ်လို့ တိကျရှင်းလင်းလွယ်ကူစေရေးကို ဦးစားပေးရတာဖြစ်လို့ ကျစ်လစ်တိကျတဲ့ စကားလုံးများကိုသာ အသုံးပြုသွားတာ တွေ့ကြရမှာပါ။

ဒီဥပမာတွေကိုကြည့်ရင် တွဲလုံး အသုံးပြုပြီးရေးတော့မယ်ဆိုရင် ကိုယ်ရေးမယ့်အကြောင်းအရာအပေါ်မူတည်စဉ်းစားပြီးမှ အသုံးပြုသင့်ကြောင်း ဆွေးနွေးသတိပေးချင်ပါတယ်။

နောက်ထပ် အကြောင်းအရာ ဆက်ပြီးပြောချင်ပါသေးတယ်။ အဲဒါကတော့ မှတ်သားဖို့ သိတ်မခက်ခဲလှပေမယ့် စကားပြေကောင်းတစ်ပုဒ်ဖြစ်ရင် အခုပြောမယ့်အအကြောင်းအရာကလည်း ထည့်သွင်းစဉ်းစားရမှာ မလွဲပါဘူး။ အဲဒါကတော့ “စကားနွမ်း” နဲ့ “စကားရှုပ်” ဆိုတဲ့ စကားလုံးများအကြောင်းပါပဲ။

“စကားနွမ်း” ဆိုတာကတော့ လူတွေ ဥပမာပေးအသုံးပြုဖန်များလှတဲ့စကားလုံးတွေကို အသုံးမပြုဘဲ ကိုယ်က အသစ်ထွင်ရေးလို့ရရင် ရသလာက်ထွင်ြ့ပီးရေးကြဖို့ လိုတဲ့အကြောင်းအရာပါပဲ။ ဥပမာ သတ္တလောက ဆိုတဲ့စကားလုံးကိုမသုံးဘဲ သက်ရှိလောက လို့လွှဲသုံးတာမျိုးကိုဆိုလိုတာပါ။

လူတကာသုံးပါများတော့ အဲဒီစကားလုံးတွေဟာ စာဖတ်သူကို ငြီးငွေ့စေပါတယ်။ သုံးပါများတဲ့ စကားလုံးတွေဟာ ဥပမာအနေနဲ့ပြောရရင် ဆီသည်မလက်သုပ် စကားလုံးဖြစ်တယ်လို့ပြောလို့ရပါတယ်။ ဆီပေနေတဲ့ လက်နဲ့ ထပ်ကာတလဲလဲ လက်သုပ်အဖြစ်အသုံးပြုပါများတော့ ချေးအထပ်ထပ်နဲ့ ညစ်ပေဟောင်းနွမ်းသွားတဲ့ပိတ်စလိုစကားလုံးတွေကို စကားနွမ်း လို့ ဆိုလိုတာပါပဲ။ အဲသလိုစကားလုံးမျိုးကို အသိနဲ့ရှောင်ပြီး ဖြစ်နိုင်ရင် စကားလုံးအသစ် ကိုယ့်ဖါသာအသစ်ထွင်ရေးနိုင်အောင်ကြိုးစားသင့်ကြောင်း ဆိုလိုတာပါပဲ။

ဒီနေရာမှာ ထပ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် အဲဒီ စကားနွမ်းဖြစ်လာတဲ့စကားလုံးတွေဟာ အများအားဖြင့် “အသိပေးရည်ရွယ်ချက်နဲ့အသုံးပြုတဲ့စကားလုံးတွေမဟုတ်ကြဘဲ စေတနာရည်ရွယ်ချက်နဲ့ရေးတဲ့ အသုံးပြုတဲ့”စကားလုံးတွေဖြစ်နေတာ တွေ့ရတဲ့အချက်ပါပဲ။

အသိပေးရည်ရွယ်ချက်နဲ့ အသုံးပြုတဲ့စကာလုံးဆိုတာက အသုံးများလေလေ အသားကျ အနည်ထိုင်လေလေဖြစ်တဲ့စကားလုံးတွေပါပဲ။ (စေတနာနဲ့ဖေါ်ပြချင်လို့မဟုတ် အသိပေးရုံသက်သက်)။ ဥပမာ ခွေး၊ လူ၊ နွား၊ ညဏ်၊ သနား အစရှိတဲ့စကားလုံးတွေဟာ အသိပေးရုံသက်သက်အသုံးပြုတဲ့ စကားလုံးတွေပါပဲ။ ဒီစကားလုံးတွေက နေ့စဉ်အသုံးပြုနေကြတဲ့စကားလုံး မဖြစ်မနေအသုံးပြုနေကြရတဲ့စကားလုံးတွေဖြစ်တာမို့ ဟောင်းသွားတယ်ရယ်လို့မဖြစ်ဘဲ အသုံးများလေ ပိုပြီးခိုင်မာလာစေတဲ့ စကားလုံးတွေပါပဲ။ အမြဲရှင်သန်ပြီး ဟောင်းနွမ်းမသွားတဲ့စကားလုံးတွေပါပဲ။

ဒီနေရာမှာ စေတနာရည်ရွယ်ချက်အရ အသုံးပြုတဲ့စကားလုံးဆိုတာကတော့ စာရေးသူက စေတနာသက်ရောက်သလို တီထွင်လို့သုံးစွဲလို့ ပေါ်ပေါက်လာရတဲ့စကာလုံးတွေပါပဲ။

ဥပမာ အင်မတန်ချစ်ရတဲ့ မိန်းကလေး အသက်ချင်းထပ်ထားသူ၊ သံသရာအဆုံးအထိ လက်တွဲမယ့်သူအဖြစ် အလေးထားကြောင်း တန်ဘိုးထားကြောင်းသိစေလိုတဲ့စေတနာရည်ရွယ်ချက်ကိုပေါ်လွင်ရလေအောင် “သက်ဝေ၊ သက်ထား၊ သက်လှယ်” အစရှိတဲ့စကားလုံးတွေ တီထွင်အသုံးပြုတဲ့စကားလုံးမျိုးတွေဟာ စေတနာရည်ရွယ်ချက်အရ အသုံးပြုတဲ့စကားလုံးတွေပါပဲ။

ဒီစကားလုံးတွေကြတော့ သိစေလိုတဲ့ရည်ရွယ်ချက်နဲ့ရေးတဲ့စကာလုံးတွေနဲ့မတူပါဘူး။ ဒီစကားလုံးတွေကြတော့ စတင်တီထွင်အသုံးပြုစဉ်က သစ်လွင်ခဲ့ကြတာမှာမှန်ပေမယ့် နောက်ထပ်လူတွေ အသုံးပြုဖန်များလာတဲ့အခါမှာတော့ အဲဒီစကားလုံးတွေက ဟောင်းသွားတတ်တာ ရိုးသွားတတ်တာ နွမ်းသွားတတ်တာ တွေ့ရပါတယ်။ သူက ကြာကြာမခံတဲ့သဘောဖြစ်ပါတယ်။

သုံးပါများလို့ ဟောင်းနွမ်းးရတဲ့ စကားနွမ်း နဲ့ သုံးလေသုံးလေ ပိုမိုအသားကျ ကျစ်လစ်ပြီး အမြဲသစ်လွင်နေတဲ့စကာလုံးများအကြောင်းပြောရင်း ဒီကနေ့ ရပ်နားခွင့်ပြုစေချင်ပါတယ်။

စကားပြေအကြောင်းအရာအကြောင်း နောက်ထပ်ဆွေးနွေးတဲ့အခါ ကျနော်တို့ထပ်ပြီး ဆုံကြသေးတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်လှပ ကြွယ်ဝနိုင်ကြပါစေ။

 

Mizzima Weekly