နတ်မောက်လက်ရာမြောင်းမကြီး ကျိုးပေါက်၍လယ်ဧက (၁၀၀၀)ခန့် စိုက်ပျိုးရေ အခက်အခဲကြံု

နတ်မောက်လက်ရာမြောင်းမကြီး ကျိုးပေါက်၍လယ်ဧက (၁၀၀၀)ခန့် စိုက်ပျိုးရေ အခက်အခဲကြံု

မကွေး ၊ ဇူလိုင် ၃၀ ။          ။ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ကျောင်းကုန်းကျေးရွာနှင့်မကြီးထူးကျေးရွာကြားရှိ နတ်မောက် လက်ရာမြောင်းမကြီး ကျိုးပေါက်နေသဖြင့် ဆည်ရေသောက် လယ်ဧက (၁၀၀၀)ခန့် စိုက်ပျိုးရေ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူလယ်သမားများထံမှ သိရသည်။

“ပြီးခဲ့တဲ့ ၆လပိုင်းကတည်းက မြောင်းတွေကျိုးနေလို့ ခု(၇)လပိုင်းအထိ လယ်မစိုက်ရသေးတဲ့သူတွ အများကြီးပါ။မျိုးစပါးပျိုးသက် ၂လပြည့်နေပါပြီ။ရေအတွက် တောင်သူတွေ တစ်ယောက်နဲ့ တစ်ယောက် လုယက် ရန်သတ်မတတ်ဖြစ်နေပါတယ်။တောင်သူတွေက မြောင်းကျိုးကို လူစုပြီးပြင်လဲ ခဏနဲ့ပျက်ပါတယ်။ ပြည်သူလူထုအားနဲ့တော့ ပြင်လို့ရပါဘူး။မိုးရေကိုဘဲ အားကိုစိုက်နေရပါတယ်”ဟု ကြို့ပင်သာကျေးရွာမှ မသီတာထွန်းက ပြောသည်။

တောင်သူများမှာ စိုက်ပျိုးရေမရသဖြင့် ပျိုးနှုတ်ရန် ရေမရှိ၍ ပျိုးပင်အခြောက်နှုတ်ရခြင်း၊ စိုက်ပျိုးရေ မရှိသဖြင့် စိုက်ပျိုးမရခြင်း၊ ပျိုးသက်ကြီးသဖြင့် နှုတ်မရခြင်း၊ ကောက်စိုက်ရက်တိုက်ဆိုင်သဖြင့် ကောက်စိုက်သူ အခက်အခဲကြုံရခြင်း၊ လုပ်အားခများ ကုန်ကျမှုများလာခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ယင်းဒေသခံ တောင်သူများထံက သိရသည်။

“ရေစတင်ပေးဝေရန် ဆောင်ရွက်နေပါတယ်။သဲအိတ်တွေဆင့်တယ်။သဲစုပ်စက်နဲ့သဲစုပ်ပြီး သဲ မြေဖို့ တယ်။တစ်ရက် နှစ်ရက်အတွင်း ရေပေးဝေနိုင်အောင် ဆောင်ရွက်သွားမှာပါ”ဟု မြို့သစ်မြို့နယ်မှ ဆည်မြောင်း တာဝန်ခံAE ဦးအောင်ဇော်ထက်က ပြောသည်။

နတ်မောက်လက်ရာမြောင်းမကြီးမှာ အလျား ၁၁.၃၅မိုင် ရှည်လျားပြီး အကျိုးပြုဧက ၁၆၃၃၅ဧကကို ရေပေးဝေနိုင်ကာ ယခုမြောင်းကျိုးပေါက်မှုကြောင့် မြို့သစ်မြို့နယ် မကြီးထူးကျေးရွာအနီး ဧက ၂၅၀၊ လဲလူကျေးရွာအနီး ဧက ၃၂၀၊ တပ်ကုန်းကျေးရွာအနီး ဧက ၃၀၀၊ ထောက်ရှာတန်းကျေးရွာအနီး ဧက၈၀၊ ဆင်ဖြူချီကျေးရွာအနီး ဧက ၄၀၊ ညောင်ဇင်ကျေးရွာအနီး ဧက ၅၀ခန့် အပါအဝင် စုစုပေါင်း လယ်ရေသောက်ဧက (၁၀၀၀)ခန့် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။

“မြောင်းကျိုးပြီး တောင်သူတွေ စိုက်ရက်နောက်ဆုတ်ရတယ်။ ပျိုးသက်ကြီးတွေ စိုက်ရတဲ့အတွက် အပင်ပွားနှုန်းကျမယ်။တကယ်လို့ ဆည်မြောင်းက ရေကို အချိန်မီပေးနိုင်ရင် အပင်ကိုရွှေ့စိုက်မယ်။ ပင်ပွားနှုန်းကောင်းအောင် မြေသြဇာပေးဖို့ ကူညီပေးလို့ရပါတယ်။စိုက်မရတော့လို့ တောင်သူတွေက စပါးစိုက်ချင်သေးတယ်ဆိုရင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်နဲ့ သက်တမ်းတို စပါးမျိုးတွေရှိ တယ်။ အရံမျိုးစေ့ချက်ချင်းထုတ်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းကပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly