ဒဏ်ကြေး သိန်း ၂၀၀၀ အထိချမှတ်နိုင်မည့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း

ဒဏ်ကြေး သိန်း ၂၀၀၀ အထိချမှတ်နိုင်မည့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း
Photo-MOI Webportal Myanmar

 

နေပြည်တော်၊ ဇူလိုင် ၃၀ ။               ။ စားသုံးသူများကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ပြီး ဒဏ်ကြေး သိန်း ၂၀၀၀ အထိပါ ပါဝင်သော အသစ်ပြန်လည်ရေးဆွဲထားသည့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းလိုက်သည်။

ယနေ့ ဇူလိုင်လ ၃၀ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်း ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ကိုယ်စား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“စားသုံးသူကာကွယ်ရေး ဥပဒေအသစ်ကို ရေးဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်း များရဲ့ သဘောထားမှတ်ချက်၊ အကြံပြုချက်များ၊ ဥပဒေပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင်များရဲ့ အကြံပြုချက်များကို ကျယ်ကျယ်ပြန့်ပြန့် ရယူခဲ့တဲ့အပြင် အာဆီယံစားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ လမ်းညွှန်ချက်များ၊ အာဆီယံနိုင်ငံများရဲ့ စားသုံးသူကာကွယ်ပေးရေး ဥပဒေများကို လေ့လာပြီး၊ အာဆီယံနိုင်ငံများနဲ့လိုက်လျော ညီထွေရှိပြီး မိမိတို့နိုင်ငံနဲ့ ကိုက်ညီမယ့် အချက်များကို ထည့်သွင်းရေးဆွဲခဲ့ပါတယ်” ဟု ဦးအောင်ထူးက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းတွင် ကုန်ပစ္စည်းတစ်ခု၏ အမျိုးအမည်၊သတ်မှတ်အရည်အချင်း၊ စတင်ရက်၊ ကုန်ဆုံးရက်၊အသားတင်ပမာဏ စသည်တို့ကို တင်သွင်းခဲ့သည့် နိုင်ငံမှ ဘာသာအပြင် မြန်မာဘာသာ နှင့်ပါ နှစ်ဘာသာတွဲ ဖော်ပြထားရမည်ဖြစ်သည်ဟု စီးပွားကူးသန်းဝန်ကြီးဌာနမှ ဖော်ပြထားပြီး မလိုက်နာပါက ဒဏ်ကြေးငွေလည်း များပြားကြောင်း သိရသည်။

ကိုယ်စားလှယ်များအနေဖြင့်လည်း ၎င်းဥပဒေကြမ်းကို ဆွေးနွေးရာတွင် ထပ်မံပြင်ဆင် ဖြည့်စွက် ခြင်းကိုလာမည့် အစည်းအဝေးများတွင် ပြုလုပ်သွားကြမည်ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ထန်းတပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက ပြောသည်။

“ဒဏ်ကြေးတွေကတော့ သိန်းနှစ်ထောင်တွေ ၊ တစ်ထောင်တွေ ထိအောင်ပါတယ်” ဟု ဦးဇော်ဝင်းက ပြောသည်။

၂၀၁၄ခုနှစ် မတ်လ ၁၄ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းခဲ့သည့်၊ လက်ရှိ ကျင့်သုံးနေသည့် စားသုံးသူကာကွယ်ရေး ဥပဒေသည် အရေးကြီးသည့် အခြေခံအချက်များ ထည့်သွင်းပြဋ္ဌာန်းရန် အားနည်းချက်များ ရှိနေ၍ ဥပဒေသစ် ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အစားအသောက်များ၏ ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများသည် ဒေသ တွင်းနိုင်ငံများထဲတွင် အနိမ့်ဆုံး နိုင်ငံအဖြစ်မှာရှိနေသေးသည့်အတွက် လုံခြုံစိတ်ချမှု ရရှိစေရန် အတွက်ကို ကြိုးစားသွားရမည်ဟု စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မှတ်ချက်ပြု သည်။

“ဘာမှ သိပ်စိတ်ချရတယ်ဆိုတာ မရှိဘူး။ အဲ့တော့ ဆရာတို့တွေ့ရသလောက်ကတော့ ခုချိန်ထိပေါ့ အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုကတော်တော်လေး နိမ့်နေသေးတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

ထိုသို့ ဥပဒေကြမ်းတင်သွင်းနေပြီး တစ်ဖက်တွင်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)အနေဖြင့်လည်း အမျိုးသား အစားအသောက် နှင့် အမျိုးသားဆေးဝါးဥပဒေများကို   ခေတ်နှင့်လျော်ညီစွာ ပြန်လည် ပြင်ဆင်နေပြီး အလှကုန်၊ ဆေးပစ္စည်းနှင့် ဓာတ်ခွဲခန်းများ အတွက် ဥပဒေ (၃)ခုကို ထပ်မံရေးဆွဲနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly