ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုသည့် BOT ကုမ္ပဏီများကို အရေးယူရန် လွှတ်တော်တွင် ဆွေးနွေးမည်

ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုသည့် BOT ကုမ္ပဏီများကို အရေးယူရန် လွှတ်တော်တွင် ဆွေးနွေးမည်
ဆိုးရွားစွာ ပျက်စီးနေသည့် ရန်ကုန်-ပုသိမ် လမ်းပိုင်းတစ်နေရာ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

 

နေပြည်တော်(ဇူလိုင် ၃၀၊ ၂၀၁၈ခုနှစ်)။ ။ လမ်းမကြီးများကို BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအများစုသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ ရှေးရှုသဖြင့် တာဝန်ကျေမှု၊ တာဝန်ခံမှု မရှိသူများကို အရေးယူရန် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးက ဇူလိုင် ၃၀ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းလိုက်သည်။

ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်ဆွေဝင်းက “BOT စာချုပ်များဖြင့် ဆောင်ရွက်လျက်ရှိကြသော လမ်းမကြီးများနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ လုပ်င်န်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီများအား နိုင်ငံတော်နှင့် ချုပ်ဆိုခဲ့ကြသော စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်၍ တာဝန်ကျေ၊ တာဝန်ခံမှုမရှိသူများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာလာစေရေး” တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

BOT လမ်းမကြီး အများစုသည် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ စတင်တာဝန်ယူစဉ်ကထက် ပိုမိုကောင်းမွန်လာမှု မရှိခြင်း၊ ယာဉ်နှင့်လမ်း မမျှတခြင်းနှင့် လမ်းအသုံးပြုသူ ပြည်သူလူထုက နေ့စဉ် လမ်းအသုံးပြုခ ပေးနေရသော်လည်း ငွေကုန်ပြီး အကျိုးမရှိ ဖြစ်နေသည်ဟု အဆိုရှင်က လွှတ်တော်တွင် ပြောသည်။

အဆိုရှင် ဦးကျော်ဆွေဝင်းက “အများစုက ရှိပြီးသားလမ်းကို ဟိုနေရာဖာ၊ ဒီနေရာထေးနဲ့ သာမန်ကာလျှံကာ ပြင်ထိန်းအလုပ်လေးလောက် လုပ်ပြီး လမ်းအသုံးပြုခကိုသာ အပြည့်အဝ ကောက်ခံလျက် ရှိနေကြတာကို စိတ်ပျက်ဖွယ် မြင်တွေ့နေရပါတယ်” ဟု ပြောဆိုသည်။

BOT စာချုပ်ပါစည်းကမ်းအရ တစ်ရက်လျှင် ယာဉ်အစီးရေ နှစ်ထောင်ကျော် ဖြတ်သန်းလျှင် “လမ်းအကျယ် ၄၈ပေ အသစ်ဖောက်လုပ်ပြုပြင်ပေးရမည်” ဟု သတ်မှတ်ထားသော ရန်ကုန်-ပုသိမ်လမ်းပိုင်းမှာ လက်ရှိတွင် တစ်ရက်လျှင် ပျမ်းမျှ ယာဉ်အစီးရေ ခြောက်ထောင်ကျော် ဖြတ်သန်းနေသော်လည်း ယခင်လမ်းအကျယ်အတိုင်း ထားရှိကာ လမ်းအသုံးပြုခကို ယနေ့အထိ ကောက်ခံနေကြောင်း အဆိုရှင်က လွှတ်တော်တွင် ဥပမာပေးပြီး ပြောကြားခဲ့သေးသည်။

ထို့ပြင် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် လွန်စွာအရေးပါသည့် မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်း လမ်းပိုင်းမှာလည်း လွန်ခဲ့သည့် ၁၈နှစ်ကတည်းက ပုဂ္ဂလိကကုမ္ပဏီတစ်ခုက တာဝန်ယူလုပ်ကိုင်ခဲ့သော်လည်း အဆင့်မြှင့်တင် ဖောက်လုပ်၊ ပြုပြင်ခြင်း မရှိသည့်အတွက် မကြာခန ယာဉ်ကြောပိတ်ဆို့နေကြောင်း ဦးကျော်ဆွေဝင်းက Power Point ဖြင့် လွှတ်တော်တွင် ထောက်ပြခဲ့သည်။

ဦးကျော်ဆွေဝင်း၏ တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးသည့် ဒလမြို့နယ်အမတ် ဒေါက်တာစိန်မြအေးက ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူညီခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ကလည်း “မိမိအနေနဲ့ တင်ပြလိုတာကတော့ ဒီလမ်းတွေမှာ အဓိကလိုအပ်ချက်ဟာ ဝန်ကြီးဌာနတွေအနေနဲ့ Quality Control ကို တိတိကျကျ ကြပ်မတ်ဆောင်ရွက်ပေးဖို့ ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်” ဟု ဦးကျော်ဆွေဝင်း အဆိုတင်သွင်းပြီးနောက် လွှတ်တော်တွင် ပြောဆိုသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသည် လမ်းနှင့်ပတ်သက်သည့် မေးခွန်းများမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြခြင်းဖြစ်ပြီး ယင်းကိစ္စသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျကြောင်းလည်း ဦးတီခွန်မြတ်က ပြောကြားသည်။

စီးပွားရေးအရ မဟာဗျူဟာကျသည့် လမ်းမကြီးများကို ပြီးခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် ကတည်းက BOT စနစ်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီ ၂၅ခုက BOT စနစ်ဖြင့် အကောင်အထည်ဖော်နေသည့် လမ်းမကြီး ၆၁လမ်းရှိကာ လမ်းအရှည်အားဖြင့် မိုင်ပေါင်း ၃၀၀၀ကျော် ရှိသည်။

စာချုပ်သက်တမ်းအရ ကုမ္ပဏီအများစုက နှစ်ပေါင်း ၄၀ လုပ်ကိုင်ခွင့်ရပြီး အချို့ကုမ္ပဏီများက ၄၅နှစ်အထိ လုပ်ပိုင်ခွင့် ရရှိထားသည်။

BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီသည် မိမိလုပ်ကိုင်ခွင့်ရသည့် လမ်းပိုင်းကို စာချုပ်ပါအတိုင်း လမ်းအသစ်ဖောက်လုပ်၊ ပြုပြင်ခြင်းလုပ်ငန်းကို မဖြစ်မနေ ကြိုတင်ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ကြရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်၏ မူလရှိပြီးလမ်းကို စာချုပ်ပါ စံချိန်၊ စံညွှန်းအတိုင်း စာချုပ်ပါသက်တမ်းအတွင်း တည်ဆောက်ပြုပြင်ပြီး အစိုးရက ကျေနပ်သဘောကျမှသာ စတင်ပြီး ငွေကောက်ခံရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly