ရန်ကုန်မြို့သစ်စီမံကိန်းထက် ရှိပြီးသားမြို့သစ်များကို ဖွံ့ဖြိုးအောင်လုပ်ရန် သမ္မတ ညွှန်ကြား

ရန်ကုန်မြို့သစ်စီမံကိန်းထက် ရှိပြီးသားမြို့သစ်များကို ဖွံ့ဖြိုးအောင်လုပ်ရန် သမ္မတ ညွှန်ကြား
ဓာတ်ပုံ - သူရ

 

ရန်ကုန် ၊ ဇူလိုင် ၃၀ ။            ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းအား လုပ်ဆောင်ရာတွင် လည်း လက်ရှိ ရှိပြီးသားမြို့သစ်များကိုလည်း ဖွံ့ဖြိုးအောင်လုပ်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ညွှန်ကြားခဲ့သည်ဟု ယင်းတွေ့ဆုံပွဲတက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“ရန်ကုန်မြို့သစ်စီမံကိန်းလုပ်မယ်ဆိုတော့ အရင်အကောင်အထည်ဖော်ခဲ့တဲ့မြို့သစ်စီမံကိန်းတွေ ဒဂုံမြို့သစ်တို့ ဘာတို့ ပေါ့ဗျာ။ အဲ့မှာတောင်မှ  စည်ကားမှုမရှိသေးဘူး။ အိမ်မဆောက်တဲ့မြေကွက်တွေအများကြီးရှိနေတာ မြို့သစ်စီမံကိန်း ထပ်လုပ်မယ်ဆိုတော့ စည်စည်ကားကားရှိပ့ါမလား။အဲ့ဒါကို ထည့်သွင်းတွက်ချက်ပြီး လုပ်ဖို့လိုမယ်ဆိုပြီး မှတ်ချက်ပေးသွားတာပါ” ဟု သမ္မတနှင့် တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တေ်ာကိုယ်စားလှယ် ဦးကျော်ဇေယျကဆိုသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့သစ်စီမံကိန်းနှင့် စပ်လျဉ်းပြီး သမ္မတအား ရှင်းလင်းပြောပြပြီးချိန်တွင် သမ္မတဦးဝင်းမြင့်က ယင်းစီမံကိန်းအပေါ် ထည့်သွင်းစဉ်းစားရန် အကြံပြုချက်အနေဖြင့် ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ယမန်နေ့ ဇူလိုင် ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ နိုင်ငံတော်သမ္မတနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲ၌ သမ္မတက ရန်ကုန်တိုင်းအတွင်းရှိ တရားစီရင်ရေးမဏ္ဍိုင်ယိမ်းယိုင်မှုဖြင့် ပတ်သက်ပြီး ထောက်ပြခဲ့ကြောင်း၊ ပြည်သူလူထု စိတ်ဝင်စားနေသည့် အမှုများ ၊ သတင်းမီဒီယာများတွင် ဖော်ပြနေသည့် အမှုများတွင် တရားစီရင်ရေးဘက်မှ အချိန်ကြန့်ကြာအောင် ပြုလုပ်နေပြီး ပြည်သူလူထု သွေးအေးသည့် အချိန်တွင် ဆုံးဖြတ်ချက်ချမှတ်မှုများကို ပြုလုပ်နေသည်ဟု သမ္မတက ပြောဆိုခဲ့ကြောင်း ယင်းတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ တေ့ွဆုံပွဲနှစ်ခုလုံးအား ပုဂ္ဂလိကသတင်းမီဒီယာများအား ဝင်ခွင့်ကန့်သတ်ထားပြီး နိုင်ငံပိုင်သတင်းမီဒီယာများသာ ဝင်ရောက်ခွင့်ပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly