အမှုပိတ်ခဲ့သော အောင်ရဲထွေးအမှုကို စွဲချက်ပြန်တင်မည်

အမှုပိတ်ခဲ့သော အောင်ရဲထွေးအမှုကို စွဲချက်ပြန်တင်မည်

 

ရန်ကုန်၊ ဇူလိုင် ၃၀ ။        ။ အုပ်စုဖွဲ့ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုကို ရန်ကုန်တိုင်း တရားလွှတ်တော်က စွဲချက်ပြန်တင်ရန်ဆောင်ရွက်နေကြောင်း သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုတွင် လာရောက်ဖမ်းဆီးခံခဲ့တဲ့သူ ၃ ဦးစလုံးကို အရှေ့ပိုင်း ခရိုင်တရားရုံးမှ ဇူလိုင် ၂၅ရက်နေ့တွင် အမှုပိတ်သိမ်းခဲ့ပြီး ဖမ်းဆီးခဲ့သူများကို   ပြန်လည်လွှတ်မြောက် ပေးခဲ့သည်။ထိုသို့  ပြန်လည်လွှတ်ပေးခြင်းကြောင့် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက် လျှက်ရှိသည်။

“ ဒီလိုအမှုရုပ်သိမ်းတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ခရိုင်ကိုပေးထားတယ်။ ပေးထားတော့ ခရိုင်ရုံးတွေက အထက်ကိုတင်စရာမလိုဘူး။ သူတို့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်ထဲမှာရှိတော့ ရုပ်လိုက်တယ်။ ပြည်ထောင်စုကိုတင်တာတို့ ဘာတို့တော့မရှိဘူး။ ဆိုတော့ ဒီကိစ္စကကျတော့ နိုင်ငံရေးအရပေါ့နော် အဲ့လိုတွေလည်း ဖြစ်တယ်။ တရားစီရင်ရေး လောလောဆယ် ဝေဖန်မှု များနေတဲ့ ကိစ္စဖြစ်တဲ့အတွက် တိုင်းတရားရုံးကို ကျွန်တော်တို့ကပြန်တင်မှာ” ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပါအမှုကြောင့် တရားစီရင်ရေးမဏ္ဍိုင်ကို တိမ်းစောင်းသွားစေနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စစ်ဆေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇူလှိုင် ၂၉ ရက်တွင် ရန်ကုန်တိုင်းလွှတ်တော်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

၎င်းအမှုကို ရုံးစတင်စစ်ဆေးစဉ်ကတည်းက တရားလိုဘက်မှ အမှုကိုရုပ်သိမ်းပေးရန် သဘောတူခဲ့ပြီး ကျေအေးလွှာကို ခရိုင်မှ ဥပဒေချုပ်ရုံးအထိ အဆင့်ဆင့်တင်ပြီးနောက် ဥပဒေချုပ်ရုံးမှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၉၄(က) အရ အမှုကို ပြန်ရုပ်သိမ်းခွင့်ပြုခဲ့သည့်အတွက် ဖမ်းဆီးထား သူအားလုံးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ရဲစခန်းကို ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့သည့် ကျော်ဇော (ခ) ကျော်ဇောဟန်၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ)အောင်လေးတို့ ၃ ဦးစလုံးကို တရားရုံးကနေ ပြန်လွှတ်ပေးခဲ့ခြင်း လည်း ဖြစ်သည်။ပြန်လည်လွတ်မြောက်သူ ၃ ဦးသည် ပြည်ပနိုင်ငံတစ်ခုတွင် အပန်းဖြေခရီးထွက်ခဲ့ပြီး ၎င်းတို့အထဲမှ သန်းထွဋ်အောင်(ခ) သားကြီးက သူ့၏ ဆိုရှယ်မီဒီယာတွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို လှောင်ပြောင်သည့်သဘော သက်ရောက်စေသည့် ဓာတ်ပုံတစ်ခုကို တင်ထားခဲ့သည်။ အဆိုပါဓာတ်ပုံကြောင့် ပြည်တွင်းရှိ လူမှုကွန်ရက်အသုံးပြုသူများကြားတွင် ဝေဖန်ပြောဆိုမှုများ ပိုမို မြင့်တက်လာခဲ့သည်။

“ပြည်ပရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ တရားခံကို သံသယရှိတဲ့သူဆိုရင် ပြည်ပ နိုင်ငံတွေနဲ့ချိတ်ဆက်ပြီးတော့ လုပ်တာတွေရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပါစေ၊ နောက် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ပေါ့နော် ဒါမျိုးတွေနဲ့ဆက်သွယ်လို့ရပါတယ်” ဟုဦးဇော်ဌေးက ဆိုသည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် ၎င်း၏ ချစ်သူနှင့်အတူ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညတွင် The One Entertainment ၏ ဖျော်ဖြေရေးပွဲသို့ သွားရောက်စဉ် လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့မှုကို ခံခဲ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် ရရှိထားသောဒဏ်ရာများနှင့် ဇန်နဝါရီ ၂ ရက်နေ့တွင်သေဆုံးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly