ကော့သောင်းတွင် လူနေအိမ်ပေါ် မြေပြိုကျ၍ လူ ၅ ဦးသေ ၊ ၁ ဦး ထိခိုက် ဒဏ်ရာရ

ကော့သောင်းတွင် လူနေအိမ်ပေါ် မြေပြိုကျ၍ လူ ၅ ဦးသေ ၊ ၁ ဦး ထိခိုက် ဒဏ်ရာရ

 

ကော့သောင်း၊ ဇူလိုင်လ (၃၀) ။               ။ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်   တောင်နံရံ မြေသားများ နေအိမ်များအပေါ်သို့ ပြိုကျပျက်စီးကာ လူ ၅ ဦး သေဆုံးကာ၊ ၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရ သည်။

အခင်းဖြစ်ပွားချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုလုံးတုံတုံး ကျေးရွာ အောင်ရတနာလမ်းတွင် ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်တွင် တောင်နရံ မြေသားများ ပြိုကျ၍ နေအိမ် ၄ လုံး ပျက်စီးပြီး၊ နေအိမ်အတွင်း နေထိုင်သည့် လူများ ပိတ်မိကာ ၅ ဦး သေဆုံးပြီး၊ ၁ ဦးမှာ ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုခံနေရာကာ စိုးရိမ်ရကြောင်း ကော့သောင်းမြို့ခံများထံမှ သိရ သည်။

“မြေပြိုမှုကြောင့် အိမ် ၄ လုံး ပျက်စီးပါတယ်၊ ၁ လုံးကတော့ အိမ်အပေါ်ထပ် ပျက်စီးသွားပါတယ်၊ လူတွေကတော့ အမျိုးသမီး ၃၊ အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦး သေဆုံးပါတယ်၊ ကျန်တာကတော့ မြေဖိပြီး အရေးပေါ် ကယ်ဆယ်နိုင်ခဲ့လို့ လက်ရှိမှာ ဆေးရုံကြီးမှာ ဆေးကုသခံနေရပါတယ်၊ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်”လို့ ပုလုံလုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇင်ကိုက ပြောသည်။

လက်ရှိတွင် အဆိုပါ မြေပြိုမှုကြောင့် အခင်ဖြစ်ပွားချိန်တွင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် နေကြောင်း၊ မိုးများ ဆက်လက်ရွာသွန်းနေပြီး၊ ထပ်မံ မြေပြိုနိုင်သောကြောင့် ယင်းနေရာတွင် နေထိုင်သည့် လူနေအိမ် ၈ လုံးတွင် နေထိုင်သော ပြည်သူများကို အခြား ဘေးလွတ်ရာနေရာသို့ ပြောင်းရွေ့ နေထိုင် ခိုင်းထားသည်ဟု အုပ်ချုပ်ရေးမှူးက ထပ်လောင်း ပြောသည်။

ထိုအပြင် ကော့သောင်းမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြို့ထဲပိုင်းတွင် လူနေအိမ်နှင့် ဌာနဆိုင်ရာ ရုံးအချို့ အမိုးများပျက်စီးကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly