အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၂)

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၂)

 

ဂျာမဏီနိုင်ငံ

ဂျာမဏီနိုင်ငံသည်အစိုးရအဆင့် (၃) ဆင့်ဖြင့်ဖွဲ့စည်းထားသောဖက်ဒရယ်နိုင်ငံဖြစ်သည်။ဖက်ဒရယ်အစိုးရ (Bund)၊ ပြည်နယ်အအစိုးရ (Lander) နှင့်ဒေသန္တရအစိုးရ (Germinden) ဟူ၍အုပ်ချုပ်ရေးအဆင့် (၃) ဆင့်ရှိသည်။ဒေသန္တရအစိုးရသည်ဖွဲ့စည်းပုံမှအပ်နှင်းသည့်လုပ်ပိုင်ခွင့်အာဏာများမရှိသည့် ပြည်နယ်အောက်ရှိအုပ်ချုပ်ရေးယူနစ်တစ်ခုသာ ဖြစ်သည်။ ပြည်နယ်ပေါင်း (၁၆) ခုရှိသော ဂျာမဏီနိုင်ငံ၏ဖက်ဒရယ်စနစ်သည်ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရတို့၏ပူးပေါင်းဆောင်ရွက်မှုကိုအလေးထားသောပူးပေါင်းရေးဖက်ဒရယ်စနစ် (cooperative federalism) ဖြစ်သည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရတို့၏ဘဏ္ဍာရေးအာဏာများ၊ဘဏ္ဍာရေးဆက်နွှယ်မှုနှင့်ဘဏ္ဍာရေးစည်းမျဉ်းများပါဝင်သောဘဏ္ဍာရေးဖွဲ့စည်းပုံ(Finanzverfassung)ကိုဂျာမဏီဖွဲ့စည်းပုံသို့မဟုတ်ဂျာမဏီအခြေခံဥပဒေ (German Constitution or the Basic Law) ၏အခန်း (၁၀)တွင်သီးခြားအခန်းတစ်ခုအနေဖြင့်ပြဋ္ဌာန်းထားသည်။ ထိုဘဏ္ဍာရေးဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်များကို ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ အခြေခံအစိတ်အပိုင်းများအားဖြင့်အောက်တွင်ဖော်ပြထားသည်။

အသုံးစရိတ်တာဝန်များ

ဂျာမဏီနိုင်ငံ၏ ဥပဒေပြုရေးအာဏာများကိုဖက်ဒရယ်အစိုးရကအဓိကကျင့်သုံးပြီး ပြည်နယ်များက ၎င်းတို့၏ ကိုယ်ပိုင် ပြဋ္ဌာန်းဥပဒေများအပြင် ဖက်ဒရယ်အစိုးရ၏   ပြဋ္ဌာန်းဥပဒေများကိုလည်း အကောင်ထည်ဖော်ပေးရသည်။ ဖက်ဒရယ်အစိုးရသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအချို့ကိုသာ (ဥပမာ - နိုင်ငံခြားရေး၊ ဖက်ဒရယ် ဘဏ္ဍာရေးနှင့် ဖက်ဒရယ်ရယ်လုပ်ငန်း) တိုက်ရိုက်စီမံအုပ်ချုပ်သည်။ ပြည်နယ်များသည် များသောအားဖြင့် ဖက်ဒရယ်အစိုးရ၏ လုပ်ငန်းတာဝန်များကို ဖက်ဒရယ်အစိုးရကိုယ်စားလှယ်အနေဖြင့်   ဆောင်ရွက်ပေးရသည်။   ပြည်နယ်အစိုးရနှင့် ဒေသန္တရအစိုးရတို့၏ ဥပဒေပြုခွင့်အာဏာများသည် အနည်းငယ်သာရှိသည်။ ဂျာမဏီနိုင်ငံ၏ ဖက်ဒရယ်စနစ်သည် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက် ဆောင်ရွက်မှုတို့ကိုအလေးထားသဖြင့် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့သည် လုပ်ပိုင်ခွင့်တာဝန်များကိုပူးတွဲယူကြသည်။ ပြည်သူ့ဝန်ဆောင် မှုအသုံးစရိတ်များအတွက် လိုအပ်သောငွေကြေးထောက်ပံမှုများကိုများသောအားဖြင့် ဖက်ဒရယ်အစိုးရကဥပဒေပြု ပေးပြီး ပြည်နယ်များကထိုငွေများကိုစီမံခန့်ခွဲပေးရသည်။ သို့ရာတွင် ဖက်ဒရယ်အောက်လွှတ်တော်သည် ပြည်နယ် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသဖြင့် ဥပဒေကြမ်းများဆွေးနွေးရာတွင် ပြည်နယ်များသည် ၎င်းတို့၏ သဘောထားများကိုတင်ပြခွင့်ရှိသည်။

ဂျာမဏီနိုင်ငံရှိအစိုးရအဖွဲ့အသီးသီး၏ လုပ်ပိုင်ခွင့်တာဝန်များကိုဥပဒေပြုခြင်း (legislation)၊ လက်တွေ့ဆောင်ရွက်ခြင်း (execution) နှင့် ငွေကြေးပံ့ပိုးခြင်း (expenditure) တာဝန် (၃) ရပ်အားဖြင့် ခွဲခြားလေ့လာကြည့်လျှင် ဖက်ဒရယ်အစိုးရသည် ပြည်နယ်နှင့်ဒေသန္တရအစိုးရများထက် ဥပဒေပြုတာဝန်ပိုရှိသည်ကိုလုပ်ပိုင်ခွင့်တာဝန်များကိုသာဥပဒေပြုခွင့်ရှိသည်။ ဖက်ဒရယ်အစိုးရသည် ထိုပူးတွဲအာဏာများကိုကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့အသုံးပြုလာသဖြင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်တာဝန်များသည် အကန့်အသတ်များရှိနေသည်။ ဥပဒေပြုတာဝန်များနှင့် ဆန့်ကျင်ဘက်မှာ ပြည်နယ်အစိုးရများ၏ လက်တွေ့ဆောင်ရွက်ခြင်းတာဝန်များသည် ဖက်ဒရယ်နှင့်ဒေသန္တအစိုးရတို့၏ လက်တွေ့ဆောင်ရွက်ခြင်းတာဝန်များထက် ပိုများသည်။ ပြည်နယ်များသည် ပြည်နယ်အစိုးရ၏ သီးခြားလုပ်ပိုင်ခွင့်များအပြင် ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရတို့၏ ပူးတွဲတာဝန်များကိုလည်းဆောင်ရွက်ရသည်။ ထို့ပြင် လုပ်ပိုင်ခွင့်တာဝန်များအတွက်ငွေကြေးပံ့ပိုးခြင်းတာဝန်အများစုကိုအစိုးရအဖွဲ့များအကြားအချိုးအစားများဖြင့်ခွဲဝေယူကြသည်။အစိုးရတစ်ရပ်၏သီးခြားတာဝန်အနည်းငယ်သာရှိသည်။ဥပမာ - လုံခြုံရေးသည်ဖက်ဒရယ်အစိုးရ၏သီးခြားအသုံးစရိတ်တာဝြန်ဖြစ်ပီးဒေသန္တရပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းအချု့ိကိုလည်းဖက်ဒရယ်အစိုးရကကျခံပေးခြင်းမရှိပေ။အလားတူပင်လုပ်ငန်းတာဝန်အချို့ (ဥပမာ- တရားဥပဒေစိုးမိုးရေး၊ကျောင်းများနှင့်တက္ကသိုလ်များ) အတွက် ပြည်နယ်များ၏ငွေကြေးပံ့ပိုးမှုဝေစုသည်ဖက်ဒရယ်နှင့်ဒေသန္တရအစိုးရတို့၏ဝေစုထက်ပို၍များနေသည်။

အခွန်ဆိုင်ရာလုပ်ပိုင်ခွင့်အာဏာများ

ဂျာမဏီနိုင်ငံရှိအစိုးရအဖွဲ့များ၏ အခွန်ဆိုင်ရာလုပ်ပိုင်ခွင့်အာဏာများကိုအခွန်အခြေခံနှင့် အခွန် နှုန်းထားသတ်မှတ်ခြင်း၊ အခွန်ကောက်ခံခြင်းအာဏာ (၃) ရပ်အားဖြင့် လေ့လာကြည့်လျှင် ဖက်ဒရယ်အစိုးရသည် အခြားအစိုးရအဖွဲ့များ (ပြည်နယ်နှင့် ဒေသန္တရ) ထက် အဆမတန် အခွန်အာဏာများနေသည်ကိုတွေ့ရသည်။ ဖက်ဒရယ်အစိုးရသည် ဖက်ဒရယ်အစိုးရ၏ သီးခြားအခွန်များ၊ ဖက်ဒရယ်နှင့်ပြည်နယ်တို့၏ ပူးတွဲအခွန်များအတွက် အခွန်အခြေခံနှင့် အခွန်နှုန်းထားများသတ်မှတ်ခွင့်အပြင် ဒေသန္တရအခွန်များ၏ အခွန်အခြေခံများကိုလည်းသတ်မှတ်ပေးသည်။ ဆိုလိုသည်မှာဖက်ဒရယ်အစိုးရသည် ဂျာမဏီနိုင်ငံအတွင်းစည်းကြပ်ကောက်ခံသည့် အခွန် အားလုံး၏ အခွန်အခြေခံများကိုသတ်မှတ်ခွင့် ရှိနေသည်။ သို့ရာတွင် အစိုးရအဖွဲ့များ၏ အခွန်ကောက်ခံခြင်းအာဏာကို နှိုင်းယှဉ်ကြည့်လျှင် ပြည်နယ်များသည် ဖက်ဒရယ်နှင့် ဒေသန္တရအစိုးရတို့၏ အခွန်ကောက်ခံခြင်းအာဏာများထက် ပိုများနေသည်ကိုတွေ့ရသည်။ ပြည်နယ်များသည် ပြည်နယ်အခွန်အပြင် ဖက်ဒရယ်အခွန်အချို့ ကိုလည်းကောက်ခံပေးရသည်။ ထို့အပြင် ဒေသန္တရအခွန်များကိုလည်းဒေသန္တရအစိုးရများနှင့် ပူးတွဲကောက်ခံပေးရသည်။ ပို၍ အရေးကြီးသည်မှာကောက်ခံရရှိလာသောအခွန်ငွေများကိုခွဲဝေခြင်းဖြစ်သည်။ ဖက်ဒရယ် အခွန်ရငွေများကိုဖက်ဒရယ်အစိုးရကလည်းကောင်း၊ ပြည်နယ်အခွန်ရငွေများကို ပြည်နယ်အစိုးရကလည်းကောင်းအပြည့်အဝရရှိကြသည်။ ဒေသန္တရအစိုးရသည် ဒေသန္တရအတွင်းရှိအိမ်ခြံမြေခွန် ရငွေများကိုအပြည့်အဝရရှိသည်။ သို့ရာတွင် (ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများကိုသာခွဲဝေပေးသည့် ကော်ပိုရိတ် ဝင်ငွေခွန်မှလွဲပြီး) မျှဝေအခွန်များမှ ကောက်ခံရရှိလာသောအခွန်ရငွေများကိုအစိုးရအဖွဲ့ (၃) ခုလုံးအတွက် သတ်မှတ်အချိုးအစားအလိုက် ပြန်လည် ခွဲဝေသည်။

ဂျာမဏီနိုင်ငံ၏ အစိုးရအဖွဲ့များအကြားအခွန်အာဏာခွဲဝေမှုများကိုကြည့်လျှင် ပြည်နယ်များ၏ အခွန်အခြေခံနှင့် အခွန်နှုန်းထားများတစ်သမတ်တည်းဖြစ်မှု (tax-base and tax-rate uniformity) ကိုအသားပေးထားသည်။ ပြည်နယ်အခွန်များအတွက် အခွန်အခြေခံနှင့် အခွန်နှုန်းထားသတ်မှတ်မှုသည် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့၏ ပူးတွဲအာဏာများဖြစ်သော်လည်းလက်တွေ့တွင် ဖက်ဒရယ်အစိုးရကသတ်မှတ်သွားသဖြင့် ပြည်နယ်များတွင် အခွန်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့် လုံးဝနီးပါးမရှိပါ။ (ပြည်နယ်များသည် ပြည်နယ်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောဖက်ဒရယ် အောက်လွှတ်တော် (Bundesrat) မှ တစ်ဆင့် ၎င်းတို့၏ သဘောထားများကိုတင်ပြဆွေးနွေးပြီးအခွန်ဥပဒေများကိုသွယ်ဝိုက်သောအားဖြင့်သာလွှမ်းမိုးနိုင်သည်။) ထို့ကြောင့် ဂျာမဏီနိုင်ငံတွင် အခွန်များကိုစည်းဝါးညီအောင်ပြုမှုသည် (tax harmonization) အလွန်မြင့်မားနေသည်။ ထိုအချက်သည် တစ်ဘက်တွင် ပြည်တွင်းစီးပွားရေးပေါင်းစည်းမှုအတွက် အထောက်အကူပြုသော်လည်းအခြားတစ်ဘက်တွင် ပြည်နယ်များ၏ အခွန်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုထိခိုက်စေသည်။

ပြည်နယ်များတွင် အခွန်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိသော်လည်းဒေသန္တရအစိုးရများသည် ဒေသန္တရအဆင့် စီးပွားရေးနှင့် အိမ်ခြံမြေခွန်များ၏ နှုန်းထားများကိုသတ်မှတ်ခွင့်ရှိသဖြင့် အခွန်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတစ်ခုအထိရှိသည်။ အခွန်ယှဉ်ပြိုင်မှုများကိုဒေသန္တရအဆင့်တွင်သာ ပြုလုပ်ခွင့် ရှိသည့်သဘောဖြစ်သည်။ သို့ရာတွင် အိမ်ခြံမြေခွန်သည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံများတွင် အရေးပါသလောက် ဂျာမဏီနိုင်ငံတွင် အရေးမပါပေ (အရေးပါမှုကိုဝင်ငွေအရင်းအမြစ်ပမာဏဖြင့် တိုင်းတာသည်)။ ဆိုလိုသည်မှာထိုအခွန်ရငွေ များသည် ဒေသန္တရအဆင့် အသုံးစရိတ်တာဝန်များအတွက် လုံလောက်မှုမရှိပေ။ 

ဘဏ္ဍာရေးမညီမျှမှုများ

အခြားသောဖက်ဒရယ်နိုင်ငံများကဲ့သို့ပင် ဂျာမဏီပြည်နယ်များအကြားတွင် ဘဏ္ဍာရေးမညီမျှမှုများရှိသည်။ ပြည်နယ်များသည် အခွန်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိခြင်း (ပြည်နယ်အခွန်များအတွက် အခွန်အခြေခံနှင့် အခွန် နှုန်းထားများကိုသတ်မှတ်ခွင့်မရှိခြင်း) နှင့် ပြည်နယ်အသုံးစရိတ်တာဝန်များအပေါ် ကန့်သတ်ချက်များထားရှိခြင်း (ပြည်သူ့ဝန်ဆောင်မှု အရည်အသွေးဆိုင်ရာအနိမ့်ဆုံးအဆင့်တစ်ခုကို ပြည်နယ်များက ဖြည့်ဆည်းပေးရခြင်း) တို့ကြောင့် ၎င်းတို့၏ အသုံးစရိတ် လိုအပ်ချက်များအတွက် ဖက်ဒရယ်အစိုးရ၏ လွှဲပြောင်းငွေများနှင့် ချေးငွေများအပေါ် မှီခိုနေရသည်။ ဖက်ဒရယ်အစိုးရသည် ပြည်နယ်များအားအခွန်ငွေခွဲဝေမှုများ ပြုလုပ်သဖြင့် ဂျာမဏီနိုင်ငံတွင် ဒေါင်လိုက်ဘဏ္ဍာရေးမညီမျှမှုအနည်းငယ်သာရှိသည် ။ ပြည်နယ်များအကြားအလျားလိုက်ဘဏ္ဍာရေးမညီမျှမှုများကိုဖက်ဒရယ်အစိုးရ၏ ဘဏ္ဍာရေးညီတူမျှတူစနစ် (fiscal equalization system) ဖြင့် ဖြေရှင်းပေးသည်။ ပြည်နယ်များသည် ပြည်နယ်လိုငွေများအတွက် ဖက်ဒရယ် လွှဲပြောင်းငွေများဖြင့် ဖြည့်ဆည်းနိုင်သကဲ့သို့ ချေးငွေများဖြင့်လည်းဖြေရှင်းနိုင်သည်။ ဖက်ဒရယ်အစိုးရသည် ပြည်နယ်များအပေါ် ကြွေးမြီဝန်ထုပ်ဝန်ပိုးအလွန်အကျွံ မပိရေးအတွက် ကြွေးမြီကန့်သတ်မှု (debt break) နှင့် ဘဏ္ဍာရေးစည်းမျဉ်းများကိုချမှတ်ပြီး ပြည်နယ်များ၏ ဘတ်ဂျက်လိုငွေပြမှု (fiscal deficit) ကိုတားမြစ်ထားသည်။ သို့ရာတွင် ဖက်ဒရယ်အစိုးရသည် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသော ပြည်နယ်အချို့ကိုကူညီကယ်တင်ခဲ့သည်။ ဖက်ဒရယ်အစိုးရ၏ ကူညီကယ်တင်မှု (bailout) သည် ပြည်နယ်များအပေါ် စည်းကမ်းလျော့ရဲသောဘဏ္ဍာရေးကန့်သတ်ချက်များ (soft budget constraits) ကိုသာကျင့်သုံးနေသကဲ့သို့ဖြစ်သည်။ ဖက်ဒရယ် အစိုးရ၏ ကူညီကယ်တင်မှုရနိုင်သဖြင့် ပြည်နယ်များသည် ဘဏ္ဍာငွေများကိုအလွန်အကျွံသုံးရန်နှင့် ဘတ်ဂျက်လိုငွေပြရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်သည်ဟုသုံးသပ်ကြသည်။

ဘဏ္ဍာငွေ လွှဲပြောင်းမှုများ

ဂျာမဏီနိုင်ငံတွင် အစိုးရအဖွဲ့များအကြားဘဏ္ဍာငွေလွှဲပြောင်းမှုအစီအစဉ် (၃) ခုရှိသည်။ ထိုအစီအစဉ်များသည် ပြည်နယ်များ၏ ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်းကိုအတိုင်းအတာတစ်ခုထိတန်းညှိပေးသည်(သာတူညီ မျှဖြစ်စေသည်) ။ ဖက်ဒရယ်ဘဏ္ဍာရေးဝန်ကြီး၏ ပြောကြားချက်အရ ပြည်နယ်များ၏ ဘဏ္ဍာငွေများကိုတန်းညှိပေးရသည့် ရည်ရွှယ် ချက်များမှာဂျာမဏီနိုင်ငံသားအားလုံးအတွက် တူညီသောလူနေမှုအဆင့်အတန်းတစ်ခုဖန်တီးပေးနိုင်ရန်နှင့် ထိမ်းသိမ်းပေးနိုင်ရန်အတွက် ဖြစ်သည်။ ထိုအစီအစဉ် (၃) ခုလုံးသည် မူအားဖြင့် သတ်မှတ်ချက်မပါသောဘဏ္ဍာငွေ လွှဲပြောင်းမှုများ (unconditional transfers) ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်နယ်များသည် ဖက်ဒရယ်အစိုးရထံမှ လက်ခံရရှိသောဖက်ဒရယ်လွှဲပြောင်းငွေများကို ၎င်းတို့၏ လုပ်ပိုင်ခွင့် တာဝန်များအတွက် လွတ်လပ်စွာအသုံးပြု နိုင်သည်။ သို့ရာတွင် လက်တွေ့တွင် အချို့သောဘဏ္ဍာငွေ လွှဲပြောင်းမှုသည် ကန့်သတ်ချက်အချို့ ပါရှိသည်။ ဘဏ္ဍာငွေလွှဲပြောင်းမှုအစီအစဉ် များကိုအောက်တွင် ဖော်ပြထားသည်။

  • တန်ဖိုးမြင့်ကုန်စည်ခွန်ရငွေများကိုခွဲဝေခြင်း (Revenue sharing of the value added tax) တန်ဖိုးမြင့်ကုန်စည်ခွန်၏ ၂၅ ရာခိုင်နှုန်းကို (ကိုယ်ပိုင်အခွန်ငွေ ကောက်ခံရရှိမှု) တစ်နိုင်ငံလုံးအဆင့်အောက် ရောက် နေသော ပြည်နယ်များအတွက် သီးသန့်ခွဲဝေပေးပြီးကျန် ၇၅ ရာခိုင်နှုန်းကို ပြည်နယ်အားလုံးအတွက် တစ်သီးချင်းရငွေ တူညီမှုအခြေခံ (equal per capita basis) ဖြင့် ခွဲဝေသည်။ ပို၍ဆင်းရဲသော ပြည်နယ်များ၏ ဘဏ္ဍာရေးအခြေအနေကို မြှင့်တင်ပေးရန်အတွက် ဖြစ်သည်။
  • အလျားလိုက်ဘဏ္ဍာရေးညီမျှရေးအစီအစဉ် (Horizontal fiscal equalization) ချမ်းသာသော ပြည်နယ်များကဆင်းရဲသော ပြည်နယ်များအတွက် ဘဏ္ဍာငွေလွှဲပြောင်းပေးခြင်းဖြစ်သည်။ ပြည်နယ် များ၏ ဆင်းရဲချမ်းသာမှုကိုအခြေခံအားဖြင့် ၎င်းတို့၏ ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်း (fiscal capacity) ဖြင့် တိုင်းတာသည်။ ဘဏ္ဍာရေးစွမ်းဆောင် နိုင်စွမ်းမြင့်သော ပြည်နယ်များကဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်းနိမ့်သော ပြည်နယ်များသို့ ဘဏ္ဍာရေးသာတူညီမျှရေးပေးငွေများ (equalization payments) လွှဲပြောင်းပေးသည်။
  • ပြည်နယ်အချို့အတွက် ချပေးသောဖက်ဒရယ်ထောက်ပံ့ငွေများ - (Federal grants to individual Lander) ညီမျှရေးပေးငွေများလွှဲပြောင်းပြီးသည့်တိုင် တစ်နိုင်ငံလုံးပျမ်းမျှဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်း၏ ၉၉.၅ ရာခိုင်နှုန်းအောက် ရောက်နေသော ပြည်နယ်များအတွက် ချပေးသောဖက်ဒရယ်ထောက်ပံ့ငွေများ ဖြစ်သည်။ ဖက်ဒရယ် အစိုးရသည် ထိုပြည်နယ်များအတွက် အထွေထွေထောက်ပံ့ငွေများချပေးသည်။ ထို့ပြင် ဖက်ဒရယ်အစိုးရသည် အခြေခံအဆောက်အုံ ဖွံ့ဖြိုးမှုနည်းသော ဂျာမဏီအရှေ့ဘက်ခြမ်းပြည်နယ်များ အတွက် အထူးထောက်ပံ့ငွေများ (ဥပမာ - သွေးစည်းညီညွတ်ရေးထောက်ပံ့ငွေ - Solidarity Pact grants) ချပေးသည်။

ခြုံငုံသုံးသပ်ရသော်

ဂျာမဏီနိုင်ငံ၏ဘဏ္ဍာရေးဖက်ဒရယ်စနစ်သည်ဗဟိုချုပ်ကိုင်မှုများသောဘဏ္ဍာရေးဖက်ဒရယ်စနစ်တစ်ခု ဖြစ်သည်။ဆိုလိုသည်မှာ ပြည်နယ်များ၏ဘဏ္ဍာရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်သည်အခြားသောဖက်ဒရယ်နိုင်ငံများ၏ ပြည်နယ်များနှင့်နှိုင်းယှဉ်လျှင်အကန့်အသတ်ရှိနေသည်။ပြည်နယ်အစိုးရသည်ဖက်ဒရယ်ဥပဒေပြုအာဏာများနှင့်စပ်လျဉ်း၍မိမိတို့၏အသံများကိုတိုက်ရိုက်ဖော်ထုတ်ခွင့်ရှိသော်လည်း ပြည်နယ်အစိုးရအပေါ်ဖက်ဒရယ်အစိုးရ၏လွှမ်းမိုးမှုမှာအလွန်ကြီးမားနေပါသည်။ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရတို့၏လုပ်ပိုင်ခွင့်အာဏာများရောထွေးမှုကြောင့်ရှုပ်ထွေးမှုကို ဖြစ်စေသဖြင့်၂၀၀၆ခုနှစ်ဖက်ဒရယ်စနစ် ပြုပြင်ပြောင်းလဲရေးအက်ဥပဒေ (Federal Reform Act) ပြဋ္ဌာန်းခဲ့သည်။ထိုဥပဒေအရဖက်ဒရယ်ဥပဒေများ ပြဋ္ဌာန်းရာတွင်အောက်လွှတ်တော်၏သဘောတူညီမှုရယူရန် လိုအပ်သောနယ်ပယ်အချို့ကိုကန့်သတ်ပြီးဖက်ဒရယ်ဥပဒေမှ သွေဖီခွင့်ရှိသောဖြေလျောမှု့များကိုခွင့်ပြုထားသည်။ ပြည်နယ်များ၏ဘဏ္ဍာရေးဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုထိန်းသိမ်းမြှင့်တင်လိုသည့်သဘောလည်း ဖြစ်နိုင်ပါသည်။မည်သို့ပင်ဆိုစေဂျာမဏီနိုင်ငံ၏ဖက်ဒရယ်စနစ်သည်တစ်ပြည်ထောင်စနစ်ဆန်သောဖက်ဒရယ်စနစ်ပုံစံပေါက်နေသည်။ဥပဒေပြုအာဏာများထက်အုပ်ချုပ်ရေးအာဏာများကိုသာ ပြည်နယ်များအားမျှဝေထားသည့်သဖြင့်စီမံအုပ်ချုပ်ရေးအသွင်ဆောင်သောဖက်ဒရယ်စနစ် (an administrative or executive federalism)ကို ကျင့်သုံးနေသည်ဟုသာအများကသုံးသပ်ရှုမြင်ကြသည်။    ။

{ရှေ့အပတ် - ဆွစ်ဇာလန်နိုင်ငံ }

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )
  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )
  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )
  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )
  5. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )
  6. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )
  7. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၇ )
  8. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၈ )
  9. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၉ )

  10. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၀ )

  11. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၁ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly