ရွှေအင်းပြိုကျမှု ရွှေအင်းလုပ်သားတစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်

ရွှေအင်းပြိုကျမှု ရွှေအင်းလုပ်သားတစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်

မန္တလေး၊ ဇူလိုင် ၃၀ ။                   ။ ရွှေအင်းပြိုကျမှုဖြစ်ပွားရာ ရွှေတွင်းလုပ်သား ၂ ဦးကိုရှာဖွေတွေ့ရှိ သဂြိၤုလ်ပြီး သော်လည်း ကျန်တစ်ဦးမှာ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့အထိ မတွေ့ရှိသေးဘဲ ဆက်လက်ရှာဖွေမှုများပြုလုပ်နေကြသည်ဟု စဉ့်ကူးမြို့နယ် NLD မှ ဒုတိယဥက္ကဋ္ဌ ဦးဆန်းဦးမောင်က မဇ္ဈိမကိုပြောသည်။

"နှစ်ယောက်ကတော့ အလောင်းပေါ်ပြီပေါ့ဗျာ။တစ်ယောက်ကတော့ အောက်မှာ အလောင်းကို ရှာမရသေးဘူး။ အလောင်းကို ရှာမတွေ့နိုင်သေးဘူး။အခု ရေစုပ်ပြီး ရှာနေတုန်းပဲ။"ဟု ဦးဆန်းဦးမောင်ကပြောသည်။

ဇူလိုင်လ ၂၄ ရက်၊ည ၁၁ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက်ပေါက်ကျေးရွာ၊ ကျောက်ချောင်းရပ်ကွက်ရှိ ထက်ရည်လင်းရွှေသတ္ထု တူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်အမှတ်(SGU-6) လုပ်ကွက်မှ ရွှေအင်းပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လူ ၃ ဦး ပိတ်မိခဲ့ခြင်း ဖြစ်သည်။

စဉ့်ကူးမြို့နယ် NLD ဥက္ကဋ္ဌ၊ဒု ဥက္ကဋ္ဌနှင့် မြို့မိ၊မြို့ဖများက သက်တမ်းလွန် တွင်းအို၊တွင်းပျက်များတွင် ဆက်လက် ရွှေရှာဖွေမှုများကိုတားဆီးပေးရန်အတွက် ဇူလိုင်လ ၂၂ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ သွားရောက်အကြောင်းကြားမှုများ ပြုလုပ်ခဲ့သော်လည်း တားဆီးပေးမှုမရှိခြင်းကြောင်း တွင်းပြိုမှု ဖြစ်ပွားခဲ့ရသည်ဟု ဦးဆန်းဦးမောင်ကဆိုသည်။

"ဒီလိုသက်တမ်းလွန်နေပါတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်နဲ့ ပါတီဥက္ကဋ္ဌနဲ့ အန္တရာဖြစ်မှာဆိုးလို့ ကျွန်တော်တို့ နှစ်ယာက်နဲ့ မြို့မိ မြို့ဖတွေနဲ့ ဇူလိုင်လ ၂၂ ရက်မှာ မြို့နယ်ထွေအုပ်ကို သွားပြောပါတယ်။ ဒါဟာ မသင့်တော်ပါဘူး။ ဒါကတော့ မလုပ်သင့်ပါဘူးလို့ပြောပါတယ်။ကျွန်တော်တို့ပြောတာကိုလည်း တရားဝင်မှတ်တမ်းလေးနဲ့ ထားပေးပါလို့ ပြောတယ်။ ပြောပြီးတော့ ၂ ရက်လောက်နေတော့ ဒီကိစ္စ ဖြစ်တာပါပဲဗျာ။"ဟု ဦးဆန်းဦးမောင်က ပြောသည်။

ဆက်လက်၍ ဦးဆန်းဦးမောင်က"တွင်းအို တွင်းပျက်တွေကို သူတို့ကိုယ်တိုင် ရေစုပ်ထုတ်မပေးဘဲနဲ့ ဒေသခံတွေကို ဇွတ်ကိုရေစုပ်ခိုင်းပြီးတော့ ဆင်းခိုင်းတာပေါ့ဗျာ။ဆင်းခိုင်းတဲ့ ရည်ရွယ်ချက်က အခုသက်တမ်းတိုးရမယ်ဆိုတော့ သူတို့က ဒေသခံတွေကို အလုပ်ပေးထားပါတယ်ဆိုတဲ့ ပုံစံမျိုး ။အဲဒါတွေက အလွန်အင်မတန်အန္တရာယ်ကြီးတဲ့သက်တမ်းလွန် လုပ်ကွက်တွေပါ။"ဟုပြောသည်။

ယခုလိုတွင်းပြို၍ လူသေဆုံးသည်အထိ ဖြစ်ပွားရခြင်းမှာ ထက်ရည်လင်း ကုမ္ပဏီ၏ တာဝန်မဲ့များကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး လူသေဆုံးမှုအတွက် ထိရောက်တဲ့ အရေးယူများ လုပ်ဆောင်နိုင်အောင် ဆောင်ရွက် သွားမည်ဟု ဦးဆန်းဦးမောင်ကဆိုသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ နွယ်ရုံရဲကင်းစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၈)နှင့် (၁၂/၂၀၁၈) တို့ဖြင့် ရေးဖွင့်ထားကြောင်း သိရသည်။

နွယ်ရုံရဲကင်းမှာ တာဝန်ကျနေသည့် တပ်ကြီးကြီး တင်ဦးက"ဘယ်အချိန် တွေ့မယ်တော့ မသိဘူး။ ရှာတုန်းပဲ။ ကျွန်တော်တို့လည်း စောင့်နေတာ မနားရသေးဘူး။"ဟုပြောသည်။

လုပ်ကွက်ကြီးကြပ်ရေးမှူး ဦးမြင့်သိန်းက"ဒီမှာ အကူအညီပဲလိုတယ်။ကယ်ဆယ်ဖို့ အကူအညီလိုနေတယ်။ "ဟု ပြောသည်။

အဆိုပါရွှေတွင်းမှာ ဇူလိုင်လ ၂၄ ရက်၊ည ၁၁ နာရီကျော်က ပြိုကျခဲ့ခြင်းဖြစ်ပြီး၂၅ရက်၊ နေ့လည်ပိုင်းတွင် ပိုင်ပိုင်(ခ)ဖြိုးမင်းပိုင်ကိုလည်ကောင်း၊ ၂၆ ရက်နံနက်ပိုင်းတို့တွင် မြတ်မိုးဝင်းတို့ကိုလည်ကောင်း   သေဆုံးလျှက်ရှာဖွေ တွေ့ရှိခဲ့ပြီး ကျန်ရှိနေသည့် တစ်ဦးကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly