မသန်စွမ်းအမျိုးသမီး မတရားကျင့်ခံရမှု နှစ်လအတွင်း ခြောက်ခုရှိ

မသန်စွမ်းအမျိုးသမီး မတရားကျင့်ခံရမှု နှစ်လအတွင်း ခြောက်ခုရှိ
ရန်ကုန် စိတ်ရောဂါကုဆေးရုံကြီးမှ ထောက်ခံစာ ရရှိရေး ခရီးစဉ်အတွက် အသွားအပြန် စရိတ်ကို ရွာထဲတွင် လိုက်လံ အလှူခံကြသည်

(ရေကြည်၊ ကျောင်းကုန်း) — ဇွန်၊ ဇူလိုင်လများအတွင်း မသန်စွမ်းအမျိုးသမီးများ ခြိမ်းခြောက် မုဒိမ်းကျင့်ခံရမှုပေါင်း ၆ မှု အနည်းဆုံး ဖြစ်ပွားခဲ့သည်ဟု  မသန်စွမ်းသူများအရေး စစ်တမ်း ကောက်ယူနေသည့် iSchool-Myanmar အဖွဲ့က  ပြောသည်။   

 “ဒါတွေက မှုခင်းသတင်းတွေထဲမှာပါတဲ့ အမှုတွေ၊   ရောက်လာတဲ့စာရင်းတွေပဲ ရှိသေးတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ဘယ်လောက်တောင်ဖြစ်နေမလဲ မခန့်မှန်းနိုင်ဘူး” ဟု ထိုအဖွဲ့မှ သုတေသနအကြံပေး နော်ဇာဖြူခန့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် နှစ်မှု ဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံနှင့် ကျောင်းကုန်းမြို့နယ်တို့တွင် တစ်မှုစီ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဤတွေ့ရှိချက်မတိုင်ခင်ကလည်း ၎င်းတို့အဖွဲ့က ၂ဝ၁၆ မှ ၂ဝ၁၈ ဇွန်လ အတွင်း မှုခင်းများကို လေ့လာရာ ထိုအထဲတွင် မသန်စွမ်းအမျိုးသမီး အဓမ္မပြုကျင့် ခံရမှု ၂၇ ခု ရှိခဲ့သည်ကို တွေ့ရသည်။

ဆေးရုံ၏ ထောက်ခံချက်

အဓမ္မပြုကျင့်ခံရမှုကိုသွားရောက် တိုင်ကြားသည့်အခါ မသန်စွမ်းဖြစ်ကြောင်း၊ ဉာဏ်ရည်မပြည့်မီကြောင်း စိတ်ကျန်းမာရေး ဆေးရုံ ဆရာဝန်၏ ထောက်ခံချက် ပြသနိုင်မှသာ ရဲစခန်းက ချက်ချင်း အမှုဖွင့်ပေးသည်ဟု အထက်တန်းရှေ့နေ ဒေါ်ထူးထူးအောင်က ပြောသည်။

“သူဟာ ဘာမသန်စွမ်းဖြစ်တယ် ဆိုတာကို ကျန်းမာရေးဌာနကလည်း ထောက်ခံချက်ပေးထားတာမျိုး ဆိုရင်တော့ သူတို့ဘက်မှာလည်း အမှုတည်ဆောက်တဲ့အခါမှာ အရမ်းကိုလွယ်တယ်ပေါ့။ နောက်မို့ဆို ဒါက တကယ်ဟုတ်ရဲ့လား ဟုတ်သလား ဆိုတဲ့ ရဲက သံသယမေးခွန်း ပြန်လာနိုင်တယ်ပေါ့” ဟု ဒေါ်ထူးထူးအောင်က ပြောသည်။

ထိုသို့ ထောက်ခံချက်ပေးသည့် စိတ်ကျန်းမာရေးဆေးရုံသည် ရန်ကုန်နှင့် မန္တလေးတွင်သာ ရှိခြင်းက မသန်စွမ်းများအတွက် အခက်အခဲတစ်ခုဖြစ်နေသည်ဟု အဓမ္မပြုကျင့်ခံရသူတချို့ကို ကူညီနေသည့် ဒေါ်ထူးထူးအောင်က Myanmar Now ကို ဇူလိုင် ၂၃ တွင် ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၊ ရွှေကြာအင်းကျေးရွာတွင် အမျိုးသမီး တစ်ဦးက ရန်ကုန်သွားမည့် ခရီးစရိတ် ရရှိရန် အလှူခံလျက်ရှိသည်။

မတရားပြုကျင့်ခံထားရသော အသက် ၂ဝ ဝန်းကျင် ဉာဏ်ရည်မသန်စွမ်းသည့် ညီမဖြစ်သူ၏ အမှုကို ရဲစခန်းက ကိုင်တွယ်စေရေးအလို့ငှာ ရန်ကုန် စိတ်ရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်ပြီး ထောက်ခံစာ တောင်းယူရမည်ဖြစ်သည်။

 “ရွာကို အားကိုးတာပေါ့။ ဒါပေမယ့် အခုလို အရပ်ထဲလိုက်ပြီး အလှူလိုက် ခံရတာတော့ စိတ်ထဲ ဘယ်ကောင်းမလဲ။ ကျွန်မ မတတ်နိုင်လွန်းလို့သာ အခုလို လုပ်လိုက်ရတယ်” ဟု  ၂၇ နှစ်အရွယ် အမျိုးသမီးက မျက်ရည်စများ ဖယ်ရှားရင်း ပြောသည်။

ရပ်ရွာ၏ ကူညီဖေးမမှု

ကျူးလွန်ခံရသူတွင် မောင်နှမ လေးဦး ရှိရာ သုံးဦးမှာ ကျန်းမာရေးမကောင်းခြင်း၊ မသန်စွမ်းခြင်းကြောင့် အစ်မဖြစ်သူက  ရှာဖွေကျွေးမွေးနေသည်။  ဤအခြေအနေတွင် ရွာမှ မိတ်ဆွေများက မတရားကျင့်ခံရသူ၏ အခက်အခဲအတွက် ဝိုင်းဝန်း ကူညီသည်ကို တွေ့ရသည်။ ကျောင်းကုန်းရဲစခန်းသို့ သွားရောက် တိုင်ကြားသည့်နေ့က ရွှေကြာအင်း တစ်ရွာလုံးနီးပါး လိုက်ပါ ဝန်းရံပေးခဲ့သည်ဟု ယင်းကျေးရွာမှ ရာအိမ်မှူး ဒေါ်အေးမြင့်က ပြောသည်။

“ဒီရွာလေးက လူမရှိပေမယ့် လူညီတယ်။ ဘယ်သူမှ သည်းမခံနိုင်ဘူးလေ။  အစ်မဖြစ်သူကိုလည်း ကြည့်ဦး၊ ရှာကျွေးရတာ ခါးပြတ်သေတော့မယ်။ ဒီလို ကလေးကို လုပ်ရက်တဲ့ကောင်ကို ဥပဒေ အမှန်တရားတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်ချပေးဖို့ပဲ လိုချင်တယ်” ဟု ၎င်းက ပြောသည်။

သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ပြုကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရသော အသက် ၄ဝ အရွယ် အမျိုးသားကို ကျောင်းကုန်းမြို့မရဲစခန်းက မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားသည်။ အဆိုပါအမျိုးသားသည် ယခင်က  ကာယိန္ဒြေပျက်စီးစေရန် လက်ရောက်မှုကျုးလွန်မှု ပုဒ်မ ၃၅၄ ဖြင့်  ထောင်ဒဏ် လအနည်းငယ် ကျခံရဖူးကြောင်း ကျောင်းကုန်းစခန်းမှ ဒုရဲမှူးမြင့်အောင်က Myanmar Now သို့ ပြောသည်။

နည်းဥပဒေကို မျှော်လင့်

မသန်စွမ်းသူများအနက် အုပ်ထိန်းသူကို ပြန်လည် တိုင်ကြားနိုင်စွမ်း အားနည်းသော ဉာဏ်ရည် အကန့်အသတ်ရှိသူ၊ စကားမပြောနိုင်သူတို့သည်  မတရားပြုကျင့်မှုနှင့် ပိုမို ရင်ဆိုင်ရတတ်သည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အသင်း၊ ရေကြည်မြို့နယ် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှမျိုးအောင်က ပြောသည်။   

iSchool-Myanmar မှ နော်ဇာဖြူခန့်ကလည်း ကျူးလွန်သူတို့သည် ထိုအားနည်းချက်ကို အခွင့်ကောင်းယူကြဟန်ရှိသည်ဟု ယူဆသည်။

မသန်စွမ်းသူများအခွင့်အရေးဥပဒေ အတွက် နည်းဥပဒေ မထွက်ရှိသေးပေ။

မတရားခံရသူတို့သည် ဥပဒေပါ  ရပိုင်ခွင့်များ လက်လွတ်ဆုံးရှုံး နေရသဖြင့် နည်းဥပဒေ အမြန်ဆုံး ထွက်ပေါ်လာရေးကို လိုလားကြောင်း မသန်စွမ်းများအရေး ဆောင်ရွက်သူတို့က ပြောနေကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly