ရေဘေးကြောင့် ဒုက္ခသည် ၉ သောင်းကျော်အထိ ရှိလာ

ရေဘေးကြောင့် ဒုက္ခသည် ၉ သောင်းကျော်အထိ ရှိလာ
ဓာတ်ပုံ - သူရ

ရန်ကုန်၊ ဇူလှိုင် ၃၀ ။          ။ မိုးရွာသွန်းမှုနှင့် မြစ်ရေကြီးမှုများကြောင့် နောက်ဆုံးရသည့်စာရင်းများအရ မြန်မာနိုင်ငံအနှံ့အပြားတွင် လူ ၉ သောင်းကျော် ရေဘေးရှောင်နေရပြီး သေဆုံးသူ ၁၀ ဦးအထိရှိလာကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းက အတည်ပြုပြောသည်။

ဇူလှိုင် ၂၉ ရက်ညပိုင်းရရှိထားသည့်စာရင်းများအရ  ပဲခူးတိုင်းအတွင်းရှိ ရေဘေးရှောင်အရေအတွက် မှာအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ကရင်ပြည်နယ်နှင့် တတိယအများဆုံးမှာ  မွန်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။

 “ ၉ သောင်းကျော်သွားပြီ။ ပဲခူးမှာက ၅ သောင်းကျော် ထပ်တိုးဖို့လဲရှိနိုင်တယ်။ မနေ့ညက စာရင်းချုပ်ပေါ့။ လူသေဆုံးမှုက ၁၀ ယောက် လောက်တော့ရှိတယ် “ ဟု ၎င်းကဆိုသည်။

ရေဘေးကြောင့် သေဆုံးရသူများထဲတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၌ ရေစီးဖြင့်မျောပါသွားသည့် တပ်မတော်သား ၃ ဦးပါဝင်ပြီး ရေကြီးမှုဒဏ်ကိုအဓိကခံစား နေရသည့် ပဲခူးတိုင်းမှလည်း ၃ ယောက် ပါဝင်နေကြောင်း သိရသည်။

သေဆုံးစာရင်းတွင် ရေဘေးရှောင် ၆ ထောင်ကျော်ရှိသည့် တနင်္သာရီမြို့၌ တစ်ဦးသေဆုံးကာ၊ မကွေးတိုင်း ဒေသကြီးအတွင်း သေဆုံးသူ ၂ဦး၊ နေပြည်တော်မှ တစ်ဦး အပါအဝင် စုစုပေါင်း သေဆုံးသူ ၁၀ ဦးဖြစ်သည်။

အဆိုပါ ရေကြီးရာဒေသများရှိအချို့နေရာများတွင် မိုးများဆက်လက်ရွာသွန်းနေပြီး အိမ်ခေါင်းမိုးသာ မြင်တွေ့ရသည့်အထိ ရေမြုပ်သည့်နေရာများလည်းရှိနေကြောင်း သိရသည်။

ရေဘေးကူညီကယ်ဆယ်ရေးအတွက် လုပ်အားပေးကူညီသူများသည် သွားလာရေးအတွက် စည်ပိုင်း၊ သစ်သားဖြင့် ပြုလုပ်ထားသော ဖောင်များကိုအသုံးပြုနေကြသည်ကိုလည်း မြင်တွေ့ရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲတွင် သာပေါင်း ၊ တောင်ငူ ၊ မဒေါက် ၊ရွှေကျင် ၊ ဘီးလင်း ၊ ပဲခူး ၊ဘားအံ မြို့တို့သည် စိုးရိမ်ရေမှတ်အထက် ကျော်လွန် နေကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးစပ်နေသည့်မြို့များစာရင်းတွင် ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း၊ ပုသိမ်နှင့် မအူပင်မြို့တို့ ပါဝင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ရေကြီးမှုကိုနှစ်စဉ်ခံရလေ့ရှိသည့် နိုင်ငံဖြစ်ပြီး ယခုနှစ် ဇူလှိုင်လအတွင်း ဖြစ်ပေါ်နေသော ရေကြီးမှုသည့် ၂၀၁၈ ခုနှစ်အတွက် ဒုတိယအကြိမ်ရေကြီးမှုလည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်ကဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားရှိရေကြီးနှစ်မြုပ်ခဲ့မှုတွင်လည်း လူ ၁၀၀ ကျော်သေဆုံးကာ သိန်းနှင့် ချီသောပြည်သူများ ရေဘေးရှောင်ခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly