အပြောင်းအရွှေ့ပေါ်လစီနဲ့ပတ်သက်ပြီး အသင်းနဲ့ပြဿနာတက်နေတဲ့ မော်ရင်ဟို

အပြောင်းအရွှေ့ပေါ်လစီနဲ့ပတ်သက်ပြီး အသင်းနဲ့ပြဿနာတက်နေတဲ့ မော်ရင်ဟို

 

ဇူလိုင် ၃၀၊ မန်ချက်စတာ။          ။  နည်းပြမော်ရင်ဟိုနဲ့ အမှုဆောင်ချုပ် အက်ဒ် ဝုဒ်ဝက်ဒ်တို့ဟာ မန်ယူနိုက်တက်အသင်းရဲ့ ကစားသမားအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မကြေမလည်ဖြစ်နေကြကာ ဆက်ဆံရေးအဆိုးရွားဆုံးအခြေအနေကို ရောက်နေကြပါတယ်။

အမှုဆောင်ချုပ် ဝုဒ်ဝက်ဒ်ဟာ ဘရာဇီးကွင်းလယ်လူ ဖရက်ဒ်၊ ပေါ်တူဂီညာနောက်ခံလူ ဒါလော့၊ အရံဂိုးသမား လီဂရန့် တို့အတွက် ပေါင်သန်း ၇၀ ကျော်သုံးစွဲထားတဲ့ နည်းပြမော်ရင်ဟိုကို အပြောင်းအရွှေ့အသုံးစရိတ် မထုတ်ပေးချင်ဘဲ ဖြစ်နေတယ်လို့ စပို့စ်မေးလ်သတင်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဖလားကစားထားရလို့ နားရက်ပိုယူထားရတဲ့ ပေါ့ဂ်ဘာ၊ လူကာကူ၊ အက်ရှ်လေ ယန်း၊ လင်ဂတ်နဲ့ တခြားကစားသမားတွေ ပြန်ရောက်လာတဲ့အခါ ယူနိုက်တက်ရဲ့ လူစာရင်းက   တောင့်တင်းသွားမှာဖြစ်ပေမယ့် မော်ရင်ဟိုကတော့ ကစားသမားသစ် ငါးယောက်လောက် ထပ်ခေါ်ချင်နေပါတယ်။

အမှုဆောင်ချုပ် ဝုဒ်ဝက်ဒ်ကလည်း အသင်းမှာရှိတဲ့ လူငယ်တွေကိုပဲ အသုံးပြုစေချင်နေပါတယ်။ နည်းပြမော်ရင်ဟို လိုချင်နေတဲ့ ကစားသမားတွေထဲမှာ လက်စတာနောက်ခံလူ မက်ဂွိုင်းယား၊ ဘာစီလိုနာနောက်ခံလူ မီနာတို့လည်း ပါဝင်ပါတယ်။

“ကစားသမားသစ် နှစ်ယောက်လောက်ထပ်လိုချင်တယ်။ နှစ်ယောက်မရလည်း တစ်ယောက်ပေါ့။ အဲဒီတစ်ယောက်ကလည်း ပြီးခဲ့တဲ့လတွေကတည်းက အသင်းကိုပေးထားတဲ့ ကျွန်တော်လိုချင်တဲ့ ငါးယောက်စာရင်းမှာ ပါနေတဲ့သူပါ။

ဖြစ်လာတော့လည်း ဖြစ်လာတဲ့အလျောက် မဖြစ်လာတော့လည်း မဖြစ်လာတဲ့ အလျောက်ပေါ့လေ။ အသစ်ထပ်ရတော့ ကောင်းတာပေါ့။ မရတော့လည်း ရှိတဲ့ကစားသမားတွေပေါ်မှာပဲ ဆက်ယုံကြည်ပြီး ကြိုးစားရတာပေါ့”လို့ မော်ရင်ဟိုက ဆိုပါတယ်။

မော်ရင်ဟိုလိုချင်နေတဲ့ ကစားသမားသစ်တွေဟာ နောက်တန်းကစားသမားတွေဖြစ်ပါတယ်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly