ဇူလိုင် ၂၉ ရက်။ ။ ထိုင်းနိုင်ငံအတွင်းမှာ ရွေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အတွက် ဆက်လက်နေထိုင်ဖို့ ခက်ခဲလာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား တစ်ချို့ဟာ နိုင်ငံအတွင်း နယ်စပ်ဝင်ပေါက် အသီးသီးကနေ ပြန်လည် ဝင်ရောက်မှုတွေ ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ တစ်နေ့တည်းမှာပဲ ထိုင်းဘက်က မြန်မာရွေ့ပြောင်း ၇၀ ဦး ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ သူတို့တွေထဲမှာ အကြမ်းဖက်သမားများ ပါမပါနှင့် မူးယစ်ဆေး၊ လက်နက်ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုများ သယ်ဆောင် ပါလာခြင်းတို့ မရှိစေဖို့ စိစစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
သူတို့တွေကို မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ ရွေ့ပြောင်းအလုပ်သမားရုံးမှာ စိစစ်ခဲ့တာဖြစ်ပြီး အဲဒီနောက် သူတို့ရဲ့ သက်ဆိုင်ရာ နေရပ်အသီးသီးကို ပြန်လည်ထွက်ခွာသွားကြကြောင်းလည်း သိရပါတယ်။