မြန်နှုန်းမြင့် ကျည်ဆန်ရထားအစီအစဉ် အင်ဒိုနီးရှားဖျက်သိမ်း တစ်နာရီ ကီလိုမီတာ ၂၀၀ခန့်သာ မြန်သည့် ရထားစနစ်အတွက်သာ အဆိုပြုရန် တရုတ်နှင့် ဂျပန်ကို ကမ်းလှမ်း

မြန်နှုန်းမြင့် ကျည်ဆန်ရထားအစီအစဉ် အင်ဒိုနီးရှားဖျက်သိမ်း တစ်နာရီ ကီလိုမီတာ ၂၀၀ခန့်သာ မြန်သည့် ရထားစနစ်အတွက်သာ အဆိုပြုရန် တရုတ်နှင့် ဂျပန်ကို ကမ်းလှမ်း

ဂျာကာတာ၊ စက်တင်ဘာ ၄ ။        ။ စီးပွားရေးအရဖြစ်နိုင်ခြေမရှိသဖြင့် မြန်နှုန်းမြင့် ကျည်ဆန်ရထားအတွက် အမေရိကန်ဒေါ်လာ ၆ ဘီလျံတန် စီမံကိန်းတစ်ခုကို အင်ဒိုနီးရှားက ဖျက်သိမ်းတော့ မည်ဖြစ်ပြီး အဆိုပြုချက်အသစ်များအတွက် ဈေးပြိုင်ပေးသွင်းကြရန် တရုတ်နှင့် ဂျပန်ကို တောင်းဆိုလိုက်သည်။

အင်ဒိုနီးရှားအစိုးရသည် ယခုအခါ မြို့တော်ဂျာကာတာနှင့် တတိယအကြီးဆုံးမြို့ ဘန်ဒေါင်းကြား တစ်နာရီလျင် ကီလိုမီတာ ၂၀၀နှုန်းပြေးဆွဲနိုင်သော ရထားတစ်မျိုးကိုသာ လိုလားနေသည်ဟု သယ်ယူပို့ဆောင်မှုအတွက် ပေါ်လစီညိနှိုင်းသော ဝန်ကြီး ရီးဇာလ်ရမ်လီက ဘလွမ်းဘာ့ဂ်သို့ စက်တင်ဘာ ၃က ပြောသည်။

အဆိုပြုချက်အသစ်များမှာ ၃၀ ရာခိုင်နှုန်းမျှ ၄၀ ရာခိုင်နှုန်းအထိ သက်သာနိုင်မည်ဖြစ်ပြီး  ဆုံးဖြတ်ချက်ကို သီတင်းပတ်အချို့ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတကာမီဒီယာနှင့် ပထမဆုံးအင်တာဗျူးတွင် ၎င်းကပြောကြားခဲ့သည်။

သမ္မတဂျိုကိုဝီဒိုဒိုစတင်ခဲ့သည့် အကြီးဆုံးအခြေခံအဆောက်အအုံစီမံကိန်းဖြစ်လာမည့် မြန်နှုန်းမြင့် ရထားအတွက် ကန်ထရိုက်ကို တရုတ်နှင့် ဂျပန်တို့က အင်ဒိုနီးရှားအစိုးရကို အပြိုင်စည်းရုံးလျက်ရှိသည်။ ကမ္ဘာ့အကြီးဆုံးကျွန်းစုနိုင်ငံ၏ ရထားလမ်းများနှင့် ဆိပ်ကမ်းမြို့များကို အစအဆုံးပြောင်းလဲမည်ဆိုသည့် ကတိဖြင့် လွန်ခဲ့သည့်နှစ်က အာဏာရလာခဲ့သော သမ္မတဂျိုကိုဝီဒိုဒိုက တိုးတက်အောင်မပြု လုပ်နိုင်သေးပေ။

"ကျွန်တော်တို့ မြန်နှုန်းမြင့် ရထားမလိုပါဘူး။ ဒါပေမဲ့ အလယ်အလတ်လောက်မြန်တဲ့ ရထားတော့လိုပါတယ်"ဟု ရမ်လီက အခြားဝန်ကြီးများကို ပြောကြားခဲ့သည်။ "ဂျပန်နဲ့တရုတ်ကတော့ အပြင်းအထန် ပြိုင်နေပါတယ်။ သူတို့ကို အဆုံးစွန်အထိပြိုင်ခွင့်ပေးသင့်ပါတယ်"ဟု ၎င်းကပြောသည်။ အင်ဒိုနီးရှားသည် ဘန်ဒေါင်းသို့သွားရာလမ်းရှိ နေရာများကို ဖွံ့ဖြိုးစေလိုပြီး အလယ်အလတ်မြန်သောရထားက ပိုမိုများပြားသော ရပ်နားစခန်းများဖြင့် မြန်နှုန်းမြင့်ရထားထက်ပို၍ ကောင်းမွန်အောင်ပြုလုပ်နိုင်မည်ဟု ရမ်လီကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly