ဘီးလင်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူ ၈၀၀၀ ကျော်အထိရှိလာပြီး အခြေနေစိုးရိမ်ရဆဲ

ဘီးလင်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူ ၈၀၀၀ ကျော်အထိရှိလာပြီး အခြေနေစိုးရိမ်ရဆဲ

မော်လမြိုင်၊ ဇူလိုင်လ ၂၉ ။          ။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေလိမ့်ဆင်းမှုကြောင့် ဇူလိုင် ၂၂ ရက်နေ့မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့အထိ ရေဘေးသင့်ပြည်သူ( ၈၀၂၀ ) ဦးအထိ ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ထံမှ သိရသည်။

“ဘီးလင်းမြို့မှာ ရေဘေးသင့်ပြည်သူတွေရှိသလို။ ကားလမ်းပိတ်မိနေတဲ့ ခရီးသွားပြည်သူ ( ၄၀၀၀ )ကျော် လောက်ရှိနေတယ်။ခုလက်ရှိအထိတော့ ဘီးလင်းမြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း ၃၅ ခု ဖွင့်လှစ်ပေးထားတယ်။ တစ်ချို့ကျေးရွာတွေမှာဆိုရင်လည်း နီးစပ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြတယ်။” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။

ဘီးလင်းမြို့ပေါ်ရှိ ရေဘေးသင့်ပြည်သူများနှင့် ကာလမ်းမပေါ်ပိတ်မိနေသော ရေဘေးသင့်ပြည်သူများ အတွက် စားသောက်စရာများ ပြတ်လတ်မှုမရှိအောင် ပို့ဆောင်ပေးလျှက်ရှိကြောင်း ၎င်းက ထပ်မံပြောသည်။

“ခုတောင်ကလေးကျေးရွာဘက်ခြမ်းမှာက  ဒီမနက်မှာ ရေနဲနဲကျသွားပြီး။ရေက စိုးရိမ်ရေအမှတ်ရှိနေသေး တော့ ကားတွေကို ဖြတ်သန်းသွားခွင့်မပြုသေးပါဘူး။ရန်ကုန်သွားမယ့် ခရီးသည်တွေကိုကျတော့ ဒီဘက်ကနေ ဘီးလင်းဘက်ကို စက်လှေနဲ့ ပို့ဆောင်ပေးတယ်။ ဒီကနေ မော်လမြိုင်ကို ပြန်မယ်ဆိုရင်တော့ မှန်လုံကားတွေနဲ့ အခမဲ့ ပို့ဆောင်ပေးနေပါတယ်။ ဒီဘက်ခြမ်းမှာက ခရီးသည်တွေ သိမ့်မရှိတော့ဘူး။ ကားတွေနဲ့ ကားသမားတွေ လောက်ပဲ ကျန်တော့မယ်။ မနေ့ကတော့ ဒီဘက်ခြမ်းမှာ လူဦးရေ တစ်သောင်းလောက်ပိတ်မိနေတယ်။” ဟု မွန်ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေ က ပြောသည်။

ထို့အပြင် တောင်ကလေးကျေးရွာမှ ဘီးလင်းမြို့ပေါ်သို့ ပြေးဆွဲနေသော ပုဂ္ဂလိကစက်လှေများမှာ လုံခြုံမှု မရှိသည့်အပြင် ငွေကြေးပိုမိုကောက်ခံမှုများရှိခဲ့ကြောင်း ရေးဘေးသင့်ပြည်သူများထံမှ သိရသည်။

သထုံမြို့နယ် ဒုံဝန်းကျေးရွာဘက်မှ စတင်ကာ ဘီးလင်းမြို့နယ် ရွှေရောင်ကျေးရွာ၊ တောင်ကလေးကျေးရွာ ဒေါက်ရပ်ကျေးရွာနှင့် ဘီးလင်းမြို့သကြားစက်အနီးများတွင်   ရေကြီးရေလျှံမှုများ   ဖြစ်ပေါ်လျှက်ရှိကြောင်း လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-ကော့သောင်း အဝေးပြေးလမ်းမကြီးအား ယာယီပိတ်ထားခဲ့ပြီး ခရီးသွားပြည်သူများ အခက်အခဲမဖြစ်စေရေးအတွက် ရန်ကုန်-မော်လမြိုင်လေယာဉ်လေကြောင်း ခရီးစဉ်အား ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင်လ ၂၈ ရက်ညပိုင်းအခြေအနေအရ ဘီးလင်းမြို့ရေကြီးမှုအခြေအနေသည် စိုးရိမ်ရဆဲ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly