"နှုတ်ဆက်ခဲ့တယ် အမိတက္ကသိုလ်"အမည်ရှိ ရှစ်လေးလုံး အရေးတော်ပုံ မှတ်တမ်းစာအုပ် ထုတ်ဝေ

"နှုတ်ဆက်ခဲ့တယ် အမိတက္ကသိုလ်"အမည်ရှိ ရှစ်လေးလုံး အရေးတော်ပုံ မှတ်တမ်းစာအုပ် ထုတ်ဝေ

ရန်ကုန်၊ ဇူလိုင် ၂၈ ။       ။ လူငယ်များ ရှစ်လေးလုံးအရေးတော်ပုံကိုလေ့လာနိုင်စေရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အထောက် အကူပြုနိုင်ရန် ရည်ရွယ်၍ "နှုတ်ဆက်ခဲ့တယ် အမိတက္ကသိုလ်" (ရှစ်လေးလုံးအရေးတော်ပုံကာလ ဒိုင်ယာယီနှင့် မှတ်တမ်း) စာအုပ်ကို ထုတ်ဝေရခြင်းဖြစ်ကြောင်း စာရေးသူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောသည်။

အဆိုပါ စာအုပ်ကို သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်မတိုင်မီ အကြိုကာလတွင် ထုတ်ဝေရခြင်းဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့ ရန်ကုန်မြို့ ယုဒဿန်ရိပ်သာတွင်ပြုလုပ်သော စာအုပ်မိတ်ဆက်ပွဲမှ သိရသည်။

စာအုပ်တွင် ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပေါ်လာသည့်အကြောင်းတရားများ၊ ၈၈ အရေးတော်ပုံ ကာလအတွင်း ဖြတ်သန်းခဲ့သည့် ကျောင်းသားတစ်ယောက်၏အတွေ့အကြုံများ၊ ခံစားချက်များ ပါဝင်နေသည်ဟု စာအုပ်ရေးသားသူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပြသည်။

"တစ်နည်းအားဖြင့်ပြောရရင် ရှစ်လေးလုံးအရေးတော်ပုံဆိုတာ ကျွန်တော်တို့တိုင်းပြည်မှာ တော်တော် ကြီးမားခဲ့တဲ့အရေးတော်ပုံကြီးဖြစ်တယ်။ အဲဒီအရေးတော်ပုံကြီးကို လူငယ်တွေက တစ်စေ့တစ်စောင်း လေ့လာလို့ရအောင် ကျွန်တော်တို့ထုတ်တာလည်းဖြစ်ပါတယ်။ ပြီးတော့အခုလက်ရှိ ကျွန်တော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အထောက်အကူဖြစ်စေဖို့အတွက်ပေါ့နော်။ အဲဒီအတွက် ကျွန်တော်တို့လုပ်တာဖြစ်ပါတယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

စာရေးသူအနေဖြင့် ရန်ကုန်တက္ကသိုလ် သမိုင်းဌာနတွင် မဟာဝိဇ္ဇာကျမ်းပြုစုနေစဉ် ရှစ်လေးလုံး အရေးတော်ပုံဖြစ်ပွားခဲ့ရကြောင်း စာအုပ်ထဲတွင် ရေးသားထားသည်။ စာအုပ်တွင် ၎င်း၏ ဒိုင်ယာရီ မှတ်တမ်းများ၊အတွေ့အကြုံများကို အခြေခံကာ ရေးသားထားသည်။

"စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေးရရှိရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပွင့်လန်းရှင်သန်ရေးတို့အတွက် သင့်ရင်ခွင်ကိုစွန့်ခွာ ငါစွန့်စားတိုက်ပွဲဝင်ရတော့မည်"ဟူ၍ ၁၉၉၀ ခုနှစ်ရက်စွဲနှင့် ကဗျာတစ်ပုဒ်တွင် ရေးသားထားသည်ကိုတွေ့ရသည်။

"ကျွန်တော်တို့ ရှစ်လေးလုံးကတည်းက အရေးတော်ပုံထဲမှာပါတယ်။ ပြီးတော့ကျွန်တော်တို့ ကျောင်းသားအနေနဲ့ စလုပ်လှုပ်ရှားတယ်။ နိုင်ငံရေးပါတီတွေထောင်တယ်။ ပြီးတော့ အပြင် ရောက်သွားပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ပါလာတာပေါ့နော်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ရည်ရွယ်ချက်ရည်မှန်းချက် အားလုံးကတော့တူတူပါပဲ။ ကျွန်တော်တို့ ဒီတိုင်းပြည်ကြီးကို ငြိမ်းချမ်းစေချင်တယ်။ ဒီတိုင်းပြည်ကြီးကို ဒီမိုကရေစီအခွင့်အရေးနဲ့ လူ့အခွင့်အရေး အပြည့်အ၀ ရှိစေချင်တယ်။ ဒီတိုင်းပြည်ကြီးတိုးတက်စေချင်တယ်။သာယာစေချင်တယ်။အဲဒါပါပဲ" ဟု စာရေးသူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆက်ပြောသည်။

စာရေးသူ ဆလိုင်းလျန်မှုန်းဆာခေါင်းသည် ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့ပြီးနောက် နိုင်ငံရေး ပါတီတည်ထောင်ခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းတွင်ပါဝင်ဆောင်ရွက်ခြင်းတို့ကို လုပ်ကိုင်ခဲ့ကာ လက်ရှိအချိန်၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)တွင် ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသည်။

၎င်းစာအုပ်ကို အုပ်ရေတစ်ထောင်ထုတ်လုပ်ထားပြီး တစ်အုပ်လျှင် ၇၅၀၀ ကျပ်နူန်းဖြင့် ရောင်းချသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly