မဲရုံမှူး၊ ဒု-မဲရုံမှူးများကို သင်တန်းပြန်ပေးနိုင်မည့် နည်းပြသင်တန်း ပထမအသုတ် ပို့ချနေ

မဲရုံမှူး၊ ဒု-မဲရုံမှူးများကို သင်တန်းပြန်ပေးနိုင်မည့် နည်းပြသင်တန်း ပထမအသုတ် ပို့ချနေ
မဲရုံမှူးနှင့် ဒုတိယ မဲရုံမှူးများအား မဲရုံလုပ်ငန်းဆောင်ရွက်နိုင်ရန် သင်တန်းပေးမည့် နည်းပြသင်တန်းသာများ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် သင်တန်းတက်ရောက်နေသည်ကို စက်တင်ဘာ ၄ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဦးလွင်၊ မဇ္ဈိမ)

နေပြည်တော်၊ စက်တင်ဘာ ၄ ။          ။ လာမည့်နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယ မဲရုံမှူးများအား သင်တန်းပြန်ပေးနိုင်ရန် နည်းပြသင်တန်းကို စက်တင်ဘာ ၃ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် စတင်နေပြီဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။

ရွေးကောက်ပွဲနေ့တွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး လုပ်ငန်းဆောင်ရွက်ပုံ နည်းပြသင်တန်းအား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ နည်ပြ စိတ်ဝင်စားသူများနှင့် အရည်ချင်း ရှိသူများ ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ်တွင် ခေါ်ယူ၍ သင်တန်းပေးခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ် တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

"မဲရုံမှူး မဲရုံအဖွဲ့ဝင်များကို မဲရုံလုပ်ငန်းတွေ အသေးစိတ်လုပ်ကိုင်နိုင်အောင် သင်ကြားပြသပေးနိုင်မယ့် နည်းပြအတွေ့အကြုံရှိတဲ့ စိတ်ဝင်စားတဲ့ လူများကို သင်တန်းပေးတာပါ"ဟု ၎င်းက ပြောသည်။

အဆိုပါသင်တန်းကို စက်တင်ဘာလအတွင်း လေးသုတ်ခွဲ၍ ကြာသာပတေးနေ့ နှင့် သောကြာနေ့များ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်ရှိ သင်တန်းခန်မတွင် သြစတြေးလျနိုင်ငံရွေးကောက် ပွဲကော်မရှင်မှ တာဝန်ရှိသူများက ပို့ချပေးမည်ဖြစ်သည်။

ယခုသင်တန်းလာတက်သူများက ၎င်းတို့ ဒေသအသီးသီးတွင် မဲရုံမှူးအဖြစ် ဆောင်ရွက်မည့်သူများ၊ ဒု-မဲရုံမှူးအဖြစ် ဆောင်ရွက်မည့်သူများကို သင်တန်းပြန်လည်ပို့ချပေးရမည်ဖြစ်သည်။

ယခု ပထမအသုတ်တွင် မန္တလေးတိုင်းဒေသကြီး ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများ နှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ ဝန်ထမ်းများ တက်ရောက်သင်ကြားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly