ပန်းချီ၊ပန်းပုလူငယ်ပညာရှင်(၁၇)ဦး စုပေါင်း၍ ခရု Art Exhibition ပြပွဲပြုလုပ်

ပန်းချီ၊ပန်းပုလူငယ်ပညာရှင်(၁၇)ဦး စုပေါင်း၍ ခရု Art Exhibition ပြပွဲပြုလုပ်
ဓာတ်ပုံ ဘိုဘို မဇ္ဈိမ

မန္တလေး ၊ ဇူလိုင် ၂၈ ။       ။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ  ပန်းချီ၊ ပန်းပု ကျောင်းသား ကျောင်းသူ လူငယ်ပညာရှင်(၁၇)ဦး စုပေါင်း၍ ခရု Art Exhibition ပြပွဲကို (၂၀၁၈)ခုနှစ် ဇူလိုင်(၂၈)ရက်မှ (၃၀) ရက်နေ့အထိ နေ့စဉ် နံနက် (၉)နာရီမှ ညနေ(၄)နာရီခွဲအထိ မန္တလေးတောင်ပန်းချီပြခန်းတွင် ကျင်းပ လျက်ရှိကြောင်း သိရသည်။

'' ပန်းချီကားတွေက လူငယ်ခေတ်ပေါ် နည်းပညာ၊ အမြင်တွေနဲ့ပုံဖော်ရေးဆွဲထားတော့ အမြင်သစ် အမြင်ဆန်းတွေ တွေ့မြင်နိုင်မှာပါ။ပန်းပုကလဲ ပုံတူ ပန်းပုမဟုတ်ဘဲ စိတ်ကူးထဲကအမြင်သစ်တွေနဲ့ ထုဆစ်ပုံဖော်ထားတာတွေကို တွေ့မြင်နိုင်မှာပါ။လူငယ်တွေရဲ့ အမြင်ဆန်း အမြင်သစ်တွေနဲ့ ပုံဖော်ထားတာတွေ ကြိုးစားထားမှုတွေကို ပြသခြင်းလို့ အခုလို ပြပွဲပြသတာပါ။လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်'' ဟု အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)မှ ကျောင်းသား ကိုဝေယံမင်းခန့်က ပြောသည်။

ခရု Art Exhibition ပြပွဲတွင် လူငယ်ပန်းချီပညာရှင် (၁၅)ဦးနှင့် ပန်းပုပညာရှင်(၂)ဦးတို့၏ ပန်းချီကား (၉၈)ကား၊ ပန်းပု(၉)ရုပ်နှင့် ဝါးဖြင့်ပြုလုပ်ထားသော ခေါက်နိုင်သည့် ယပ်တောင်ပေါ်တွင် မြန်မာရိုးရာ ပန်းချီ၊ နံရံပန်းချီများရေးဆွဲပြသထားသည့် ယပ်တောင် (၁၀)ချောင်းကို ပြသထားသည်။

ပြပွဲအတွင်း ပြသထားသောပန်းချီကားနှင့် ပန်းပုဈေးနှုန်းများကို အနည်းဆုံးကျပ်တစ်သောင်းခွဲမှ အများဆုံးကျပ်တစ်သိန်းထိ ဈေးနှုန်းသတ်မှတ်ထားပြီး မြန်မာရိုးရာပန်းချီ၊ နံရံပန်းချီများ ရေးဆွဲပြသ ထားသည် ယပ်တောင်တစ်ချောင်းလျှင် ကျပ်ငါးသောင်းနှုန်း သတ်မှတ်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly