ဘီးလင်းရေဘေး တပ်မတော်သား၃ ဦးမျောပါသွားရာတွင် တစ်ဦးသာ အလောင်းပြန်တွေ့သေး

ဘီးလင်းရေဘေး တပ်မတော်သား၃ ဦးမျောပါသွားရာတွင် တစ်ဦးသာ အလောင်းပြန်တွေ့သေး
ဓာတ်ပုံ - AFP

ရန်ကုန်၊ ဇူလှိုင် ၂၈ ။         ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့ရေဘေးတွင် ဝင်ရောက်ကူညီပေးနေသည့် တပ်မတော်သား ၃ ဦးသည် ဇူလိုင် ၂၇ ရက်တွင် ရေစီးဖြင့်မျောပါပျောက်ဆုံးခဲ့ပြီး ညပိုင်းတွင် တစ်ဦး၏ အလောင်းကို ပြန်တွေ့ခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိန်း ကပြောသည်။

“ တပ်မတော်သား ၃ ဦးပျောက်သွားတယ်။ တစ်ဦးကတော့ ညဘက်မှာ အသက်မရှိတော့ဘဲနဲ့ပြန်တွေ့တယ်။ ကျန်တဲ့ ၂ ယောက်ကလည်း ခုထိရှာတုန်းပေါ့ “ ဟု၎င်းကဆိုသည်။

ရေဘေးကယ်ဆယ်ရေးလုပ်နေသည့် တပ်မတော်သား ခုနစ်ဦးသည် ရေစီးနှင့် မျှောပါပြီး လေးဦးမှာ ဓာတ်တိုင်များကိုဖက်ထား၍ လွတ်မြောက်ခဲ့သော်လည်း သုံးဦးမှာ ရေစီးဖြင့်   မျောပါသွားခြင်း ဖြစ်သည်။

ရေကြီးမှုများကို ကူညီကယ်ဆယ်နေသူများပါ ရေစီးဖြင့်မျောခြင်းများကြုံရသောကြောင့် ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများ၏ တားမြစ်ချက်များ သတိပေးချက်များကို လိုက်နာဆောင်ရွက်ပေးရန်လိုကြောင်းလည်း ဒေါက်တာမင်းသိန်းကဆိုသည်။

ဘီးလင်းမြို့ရှိ အချို့နေရာများတွင် ရေအမြင့် ၄ ပေခန့်ထိရှိနေပြီး ရေစီးလည်းသန်တတ်သောကြောင့် ရေဖြတ်ကူး သွားလာရန်လိုအပ်ပါက သတိထားရန်လည်း ၎င်းကပြောသည်။

ဘီးလင်းမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၃၄ ခုဖွင့် ထားရပြီး လူခြောက်ထောင့်လေးရာခန့် ရေဘေးရင်ဆိုင်နေခြင်းလည်းဖြစ်သည်။

ရေကြီးမှုနှင့် ရင်ဆိုင်နေရသည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်သေးကြောင်း မိုး/ဇလ၏ ဇူလိုင်လ ၂၈ ထုတ်ပြန်ချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly