တစ်ပတ်အတွင်း ရေဘေးသင့်ပြည်သူ လေးသောင်းကျော်အထိရှိလာ

တစ်ပတ်အတွင်း ရေဘေးသင့်ပြည်သူ လေးသောင်းကျော်အထိရှိလာ
ဓာတ်ပုံ - AFP

 

ရန်ကုန်၊ ဇူလှိုင် ၂၈ ။                 ။ မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မြစ်ရေတက်မှုများကြောင့် တစ်ပတ်အတွင်း ရေဘေးသင့်ပြည်သူ ၄ သောင်းကျော်အထိ ရှိလာကြောင်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

ရေဘေးသင့်ပြည်သူ ၄ သောင်းကျော်သည် ရေဘေးအန္တရာယ်ကို စတင်ခံစားခဲ့ရသည့် တနင်္သာရီမြို့၊ ပဲခူးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့်မွန်ပြည်ရှိ မြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။

“ စုစုပေါင်းပြောင်းခဲ့ရတာတော့ ၄ သောင်းကျော်ပေါ့။ စာရင်းကဘယ်ကစလည်းဆိုတော့ ဇူလှိုင် ၂၀၊ ၂၁ ဝန်းကျင်က တနင်္သာရီကစလိုက်တာ”ဟု ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိန်း ကပြောသည်။

သို့သော် ရေပြန်ကျသွားသည့်အချို့နေရာများတွင် ကယ်ဆယ်ရေးစခန်းများမှ နေအိမ်သို့ပြန်သွားကြသည့် သူများလည်းရှိနေကြောင်း သိရသည်။

“ အဲ့ဒီ၄ သောင်းကျော်ထဲကမှ လက်ရှိပြောင်းရွှေ့နေထိုင်သူက ၂ သောင်း ၉ ထောင်ကျော်ရှိတယ်” ဟု ဒေါက်တာမင်းသိန်းကဆိုသည်။

စာရင်းများအရ ပဲခူးတိုင်းမှလူများသည် ရေဘေးကြောင့်ပြောင်းရွှေ့နေထိုင်ရသူအများဆုံးဖြစ်နေပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှလူများလည်း ပါဝင်နေသည်။

လက်ရှိတွင်တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ခု၌ ရေဘေးကယ်ဆယ်ရေးစခန်း ၁၄၉ခုဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၁ သောင်းကျော်၊ လူဦးရေအားဖြင့် ၂ သောင်း ၉ထောင်ကျော် ရေဘေးရှောင်နေရဆဲဖြစ်သည်။

ရေဘေးသင့် ပြည်သူများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ စားနပ်ရိက္ခာများထောက်ပံ့ပေးထားပြီး ဒုသမ္မတဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေမှလည်း ထောက်ပံ့မှုများပေးထားကြောင်း လူ၊ကယ်၊ ပြန်ဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဦးစိုးအောင် ကဆိုသည်။

“ မွန်ပြည်နယ်ရော၊ ကရင်ပြည်နယ်ရော အရေးပေါ်သုံးစွဲနိုင်ဖို့အတွက်ကို ကျပ်သိန်း တစ်ထောင်ဆီ ပံ့ပိုးပေးထားတာပေါ့” ဟု ၎င်းကပြောသည်။

ရေကြီးမှုနှင့်ရင်ဆိုင်နေရသည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်သေးကြောင်း မိုး/ဇလက ဇူလိုင်လ ၂၈နေ့တွင် ထုတ်ပြန်ထားသည်။ထို့ကြောင့် ဇူလှိုင် ၂၈ ရက်နေ့အထိ ရေဘေးရှောင် ဦးရေမှာ တိုးပွားလာဖွယ်ရှိနေကြောင်းလည်း သိရသည်။

ရေဘေးသင့်ဒေသရှိ ပြည်သူများထံသို့ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကလည်း သွားရောက် ကြည့်ရှုမှုများ ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly