အမိုက်ဆုံးခေါင်မိုးနဲ့ မာစီးဒီးဘန့်ဇ် အားကစားကွင်း

အမိုက်ဆုံးခေါင်မိုးနဲ့ မာစီးဒီးဘန့်ဇ် အားကစားကွင်း

ဇူလိုင် ၂၈၊ အတ္တလန္တာ။  ။  အမိုးကိုအဖွင့်အပိတ်လုပ်နိုင်တဲ့ အားကစားကွင်း အမိုက်စားတွေကို မြင်ဖူးကြမယ် ထင်ပါတယ်။ ဒါပေမဲ့ အခုကွင်းကတော့ တကယ့်ကို အမိုက်ဆုံးလို့ ဆိုရလောက်ပါတယ်။

မာစီးဒီးဘန့်ဇ်အားကစားကွင်းလို့အမည်ရတဲ့ ဒီကွင်းဟာ အမေရိကန်မေဂျာလိဂ်ကလပ် အတ္တလန္တာယူနိုက်တက်နဲ့ အမေရိကန် ဘောလုံးလိဂ်ကလပ် အတ္တလန္တာဖယ်လ်ကွန်စ်အသင်းရဲ့ အိမ်ကွင်းဖြစ်ပါတယ်။

ပေါင် ၁ ဒသမ ၂ ဘီလျံအကုန်ကျခံဆောက်လုပ်ထားပြီး သမရိုးကျ အားကစားကွင်းပုံစံတွေကနေ ခွဲထွက်နေတဲ့ ကွင်းတစ်ကွင်းလည်း ဖြစ်ပါတယ်။

အမိုးကိုအဖွင့်အပိတ်လုပ်ဖို့အချိန် ၈ မိနစ်သာကြာမြင့်ပြီး ကောင်းကင်မြင်ကွင်းအရ ပန်းကန်ပြားပျံတစ်စင်း ကမ္ဘာပေါ်ကို ဆင်းသက်လာသလားတောင် ထင်မှတ်ရပါတယ်။

တခြားကွင်းတွေဖြစ်တဲ့ ထောင်စုနှစ်အားကစားကွင်းဟာ အမိုးအဖွင့်အပိတ်လုပ်ဖို့ မိနစ် ၂၀ ကြာပြီး ဝင်ဘာလေကွင်းကတော့ မိနစ် ၅၀ လောက်ကြာပါတယ်။

မာစီးဒီးဘန့်ဇ်ကွင်းကို ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပေမယ့် စမ်းသပ်စရာတွေကျန်နေသေးတဲ့အတွက် ကွင်းရဲ့သွင်ပြင်လက္ခဏာ အပြည့်အဝ ပုံမပေါ်ခဲ့ပါဘူး။

ဒါပေမဲ့ ဇူလိုင် ၂၉၊ တနင်္ဂနွေနေ့မှာတော့ အတ္တလန္တာ ဖယ်လ်ကွန်စ်အသင်းဟာ ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့်ပြုတဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို ပြုလုပ်မှာဖြစ်ပြီး အမိုး အဖွင့်အပိတ်လည်းလုပ်ပြမှာဖြစ်လို့ ပရိသတ် ၅၀,၀၀၀ လောက် လာကြည့်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကွင်းရဲ့ ဝင်ဆံ့တဲ့ ပွဲကြည့်ပရိသတ်ဦးရေကလည်း ပြိုင်ပွဲကြီးတွေအတွက် ၈၃, ၀၀၀ အထိ ချဲ့နိုင်ပြီး ပြိုင်ပွဲငယ်တွေအတွက် ၄၂, ၅၀၀ ပဲ ဝင်ဆံ့အောင် လျော့ချနိုင်ပါသေးတယ်။

ပွဲကြည့်စင်တွေကို ပြန်ဆွဲယူနိုင်အောင် အရှင်ပြုလုပ်ထားတဲ့ နည်းပညာကြောင့်အပြင် အမိုးကိုပိတ်လိုက်တဲ့အခါ နိမ့်ကျလာတဲ့ ကန့်လန့်ကာကြီးတွေက ပွဲကြည့်စင်အပေါ်ပိုင်းတွေကို ဖုံးလွှမ်းသွားလို့ ဖြစ်ပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly