ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆက်ပြီးမိုးကြီးနိုင်

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆက်ပြီးမိုးကြီးနိုင်
Khin Naing Oo

 

ဇူလိုင် ၂၈ ။                    ။ ရေကြီးမှုနှင့် ရင်ဆိုင်နေရသည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်သောကြောင့် အခြေအနေမှာ ဆက်လက်စိုးရိမ်နေရဆဲဖြစ်ကြောင်း သိရသည်။

နေ့စဉ်မိုးလေဝသသတင်း အနေဖြင့် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရခြင်း ဖြစ်သည်။

ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

ယနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း သိရသည်။

လက်ရှိတွင် မွန်ပြည်နယ် ဘီးလင်း၊ ကရင်ပြည်နယ်၊ ဘားအံနှင့် ပဲခူးတိုင်းပဲခူးမြို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ရေဘေးသင့်အိမ်ထောင်စုများကို ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly