မုံရွာ ထန်းဇလုတ်ချောင်းဝင်ကြေး လပြည့်နေ့တွင် ပိုမိုကောက်ခံ

မုံရွာ ထန်းဇလုတ်ချောင်းဝင်ကြေး လပြည့်နေ့တွင် ပိုမိုကောက်ခံ
ထန်းဇလုတ်ချောင်းတွင် ဇူလိုင်လ ၂၇ ရက်က လာရောက်သူများဖြင့် စည်ကားနေစဉ်။

ဇူလိုင် ၂၈ ။                          ။ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၏ အပန်းဖြေနေရာတစ်ခုဖြစ်သည့် ကျောက္ကာထန်းဇလုတ်ချောင်း ဝင်ကြေးကို လပြည့်နေ့ကဲ့သို့သော အခါကြီးရက်ကြီးများတွင် ပိုမိုကောက်ခံမှုများရှိနေကြောင်း လာရောက်အပန်းဖြေသူများက ပြောသည်။

ဝင်ကြေးကောက်ခံရာတွင် လူတစ်ဦးလျှင် ၁၅၀ ကျပ်၊ ဆိုင်ကယ်တစ်စီး ၃၀၀ ကျပ်၊ ကားတစ်စီးလျှင် ၅၀၀ ကျပ် ကောက်ခံနေမှုသည် သတ်မှတ်နှုန်းထားထက် ကျော်လွန်နေကြောင်း သိရသည်။

" ကျွန်တော်တို့က ရွာကနေ လာတာ ကျွန်တော့ကားလေးက Light Truck ဆိုတော့ ၁၀ ယောက်၊ ၁၅ ယောက်လောက်ဆန့်တယ်။ ကားဝင်ကြေးကို ၅၀၀ ကောက်တယ်။ ပြီးတော့ ကားပေါ်ပါ လူဦးရေအတိုင်း တစ်ယောက်ကို ၁၅၀ ကောက်တယ်။ အခါတိုင်း ဒီလိုမကောက်ဘူး ။ ဒီနေ့က ဝါဆိုလပြည့်နေလည်း ဖြစ်တာကြောင့် ဒီမှာတော်တော်ကို စည်တယ်" ဟု လာရောက်အပန်းဖြေသူ တစ်ဦးက ဇူလိုင်လ ၂၇ ရက်က ပြောသည်။

မုံရွာမြို့နယ် စည်ပင်သာရေးကော်မတီမှ ထန်းဇလုတ်ဝင်ကြေးကို လူတစ်ဦး ၁၀၀ ကျပ်၊ဆိုင်ကယ်တစ်စီး ၂၀၀ ကျပ်၊ ကားတစ်စီး ၅၀၀ ကျပ်သတ်မှတ်ထားပြီး ပိုမိုကောက်ခံမှုများ ရှိပါက တိုင်ကြားနိုင်ကြောင်း သိရသည်။

"ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်ပါ ။ ဒီလိုရက်တွေဆိုရင် ကျွန်တော်တို့က ပိုပြီးကောက်ပါတယ် " ဟု ဂိတ်မှ ငွေကောက်ခံနေသူ တစ်ဦးက ဆိုသည်။

ထန်းဇလုတ်ချောင်းသို့ အခါကြီးရက်ကြီးနေ့များ လာရောက်အပန်းဖြေသူ လူဦးရေ တစ်သိန်းဝန်းကျင်ရှိပြီး အဆိုပါနေ့များတွင် အနယ်နယ်အရပ်အရပ်မှ လာရောက်သူများဖြင့် ပိုမိုစည်ကားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly