ဘားအံခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံအား အမျိုးသမီးတစ်ဦးက တိုင်စာပေးအပ်မှု ဖြစ်ပွား

ဘားအံခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံအား အမျိုးသမီးတစ်ဦးက တိုင်စာပေးအပ်မှု ဖြစ်ပွား
ဓာတ်ပုံ - မင်းထက်သာ

သထုံ၊  ဇူလိုင်၊  ၂၈ ။          ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဘားအံရေဘေးသင့် ပြည်သူများအား ကူညီစောင့်ရှောက်ရေးခရီးစဉ်တွင် လုံခြုံရေးများတားဆီးသည့်ကြားမှ အတင်းတိုးဝှေ့၍ တိုင်ကြားစာတစ်စောင်ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း သထုံမြို့၊ နန်းခဲရပ်ကွက်နေ ဒေါ်မိုးသီတာအောင် (စက်ချုပ်)က ပြောသည်။

" အမေ့ကို ကျွန်မချစ်တယ်။ ယုံကြည်တယ်။ လေးစားတယ်။အားကိုးတယ်။ ကျွန်မ မကြောက်ဘူး။ အမေ့ ကိုယ်ရံတော်တွေကို ကျွန်မ နားလည်ပေးပါတယ်၊ အမေ့လုံခြုံရေးဆိုတာ။ ကျွန်မကလည်း အမေကလွဲရင် အားကိုးစရာမရှိတော့ဘူး။ ကျွန်မတို့ အောက်ခြေပြည်သူတွေမှာ မတရားနှိပ်စက်ဖိနှိပ်ခံရမှုတွေရှိနေတယ်။ ဒီအတွက် အားကိုးစရာ အမေပဲ ရှိတာမို့ အဲဒီတိုင်စာကို အမေလက်ထဲအရောက်ပို့တာပါ"ဟု ကာယကံရှင် ဒေါ်မိုးသီတာအောင်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံသည် ဇူလိုင်လ ၂၆ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေး ရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံခဲ့ပြီး စားနပ်ရိက္ခာ၊ ထောက်ပံ့ပစ္စည်း နှင့် အလှူငွေများ ပေးအပ်ခဲ့သည်။

ဒေါ်မိုးသီတာအောင်၏ ခင်ပွန်း ဦးအောင်ကိုကိုလွင်(သုံးဘီးမောင်း)သည် ယခု သထုံအကျဉ်းထောင်၌ ပုဒ်မ ၈(စ)ဖြင့် သထုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံ အမှုဆိုင်နေရသည့်အပေါ် မတရားအနိုင်ကျင့်ခံရသည်ဟု ခံယူထားသည့်အတွက် ထိုသို့ တိုင်စာရေးပို့ရခြင်းဖြစ်ကြောင်း သူကဆိုသည်။

"စာက ၂စောင်ပါ။ တစ်စောင်က အမေကိုပေးမယ်။  တစ်စောင်ကိုတော့ လက်ခံထား ထားမယ်။ အမေကို ပန်းစည်းနဲ့စာပေးမှာက မခင်ဇာလွင်(ဦးအောင်ကိုကိုလွင် ညီမ)ပါ။ အမေတို့ ကားတန်းဝင်လာပြီ ဆိုတာနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တိုင်စာပေးမယ့် မခင်ဇာလွင်ကို ပိတ်ဝိုင်းထားလိုက်ကြတယ်။ မခင်ဇာလွင် ထွက်လို့မရဘဲဖြစ်ရော။ အဲ့မှာ မမိုးသူဇာက အမေကားရောက်လာတာနဲ့ ထွက်ပေးတာ။ လုံခြုံရေး ၁၀ယောက်နီးပါးလောက်ကလည်း အဲမှာ မမိုးသူဇာဘက်သွားပြီး ပိတ်ဆို့ကာထားကြပြန်ရော။ အဲမှာ အစ်မက အမေ အမေနဲ့ဆိုပြီး ငိုသံနဲ့ အားကိုးတကြီးခေါ်တာကို ကြားတော့ အမေက ကားကိုရပ်ခိုင်းလိုက်တယ်။ ပြီးတော့ ဘာလို့ အဲဒီလောက် တားကြတာလဲ၊ ငါ လက်ခံတယ်။ပေးတွေ့လိုက်ပါဆိုတော့မှ အစ်မက အမေကို စာပေးခွင့် ရသွားတာ"ဟု မျက်မြင်ဖြစ်တွေ့ရှိခဲ့သော သထုံမှ ကိုနိုင်ဝင်းက ပြောသည်။

အဆိုပါတိုင်ကြားစာသည် လက်ရှိတရားခံဖြစ်နေသူ ဦးအောင်ကိုကိုလွင်နှင့် တစ်ဘက်မှ တရားလိုတို့ နှစ်ဦးနှစ်ဘက် အပြန်အလှန် တရားစွဲဆိုထားကြပြီး ဦးအောင်ကိုကိုလွင်မှာ ၂လတာ အချုပ်သားဘဝဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု သိရသည်။

စောကျော်မိုး ဆိုသူက ၈(စ)နှင့် စွဲဆိုထားပြီး ဦးအောင်ကိုကိုလွင်က စောကျော်မိုးကို ၆၆(ဃ)နှင့်ပြန်လှန်စွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ  ဦးအောင်ကိုကိုလွင် တရားလိုပြု စွဲဆိုသော အမှုမှာ ယခုတိုင် ရုပ်လုံးမပေါ်သေးသည်ကို အခြေခံတိုင်ကြားထားသည်ဟု မမိုးသူဇာဘက်မှ သိရပြီး မတရားအဖိနှိပ်ခံ အခြေခံလူတန်းစားများအတွက် တိုင်တန်းထားသောတိုင်စာဖြစ်ကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly