မြိတ်တွင် ကြေးစားလူမိုက်စာတန်းပါ အကျႌနှင့်အလံများကိုင်ဆောင်သည့် လူငယ် ၁၇ ဦး ဖမ်းဆီးခံရ

မြိတ်တွင် ကြေးစားလူမိုက်စာတန်းပါ အကျႌနှင့်အလံများကိုင်ဆောင်သည့် လူငယ် ၁၇ ဦး ဖမ်းဆီးခံရ

မြိတ်၊ ဇူလိုင်လ ၂၇ ။          ။ မြိတ်တွင် ကြေးစားလူမိုက်စာတန်းပါ အင်္ကျီနှင့်အလံများ ကိုင်ဆောင်ကာ ဆိုင်ကယ် ၆ စီးဖြင့် မြို့တွင်း လှည့်လည်နေသည့်ဆယ်ကျော်သက် လူငယ် ၁၇ ဦးကို ဇူလိုင်လ ၂၇ ရက် နေ့လည်ပိုင်းက မြိတ်မြို့နယ် နယ်မြေခံ ရဲတပ်ဖွဲ့မှ ထိန်းသိမ်း ဖမ်းဆီးလိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ လှည့်ကင်း ဆောင်ရွက်နေချိန်မှာ ဒီလူငယ်တစ်စုက ဆိုင်ကယ် တဝှီးဝှီးနဲ့ သွားနေတာ တွေ့ရပါတယ်၊ ဝတ်ဆင်ထားတဲ့ အင်္ကျီတွေမှာလည်း( ကြေးစားလူမိုက် ) ဆိုတဲ့ စာတန်းတွေပါတယ်၊ နောက်ပြီး အလံတွေလည်း လွှင့်ထူပြီး သွားနေတာ တွေ့ရလို့ ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်တယ်”ဟု  မြိတ်မြို့မရဲစခန်း ရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

မြိတ်မြို့တွင် ယခင်က ယင်းကဲ့သို့ တူညီ ဝတ်စုံများကို ဝတ်ဆင်ပြီး၊ နေ့ရက်ကြီး ရက်ကြီးနှင့် သြင်္ကန်ကာလ များတွင် အုပ်စုဖွဲ့ ရမ်းကာမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။

အဆိုပါ ကြေးစားလူမိုက် စာတန်းပါ လူငယ် ၁၇ ဦးကို မြို့နယ်ရဲစခန်းရုံးမှ ခေါ်ယူ စစ်ဆေးရာ ပြစ်မှု ကျူးလွန်ထားခြင်း မရှိ၍ သက်ဆိုင်ရာ ရပ်ကွက်ရာအိမ်မှူးများနှင့် မိဘများကို ခေါ်ယူပြီး ခံဝန်လက်မှတ် ထိုးခိုင်းကာ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

“ကလေးတွေက ကျွန်တော်တို့ရပ်ကွက်ထဲကပါ နေ့ကြီး ရက်ကြီးတွေမှာ ပျော်သည် ပျက်သည် ။ လမ်းလည်တဲ့ သဘောလောက်ပါပဲ ။ ဘာ ပြစ်မှုမှ ကျူးလွန်ထားခြင်း မရှိလို့ အခု ခံဝန်လက်မှတ်ထိုးပြီး ပြန်လွှတ် ပေးလိုက်ပြီ ” ဟု မြိတ်တောင်ကျေးရွာအုပ်စု ရာပြည်ရပ်ကွက်မှ ရာအိမ်မှူး ဦးမောင်နိုင်က ပြောသည်။

အဆိုပါ ဆယ်ကျော်သက် လူငယ် ၁၇ ဦးမှာ အသက် ၁၇ နှစ်မှာ ၂၀ နှစ် အထိ ရှိကြပြီး၊ အများစု မြိတ်တောင် ကျေးရွာအုပ်စုရှိ ရပ်ကွက်များတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly