ဘိလပ်မြေစက်ရုံတည်ဆောက်မှုအား ကန့်ကွက်ခဲ့သောရွာမှ အုပ်ချုပ်ရေးမှူး တာဝန်ရပ်စဲခံရ

ဘိလပ်မြေစက်ရုံတည်ဆောက်မှုအား ကန့်ကွက်ခဲ့သောရွာမှ အုပ်ချုပ်ရေးမှူး တာဝန်ရပ်စဲခံရ

မန္တလေး၊ ဇူလိုင် ၂၇ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအနီး မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား အပြီးပိုင်ဖျက်သိမ်းပေးရေး တောင်းဆိုနေသည့် ကျေးရွာသူ၊ကျေးရွာသားများဘက်က ရပ်တည်ပေးနေသည့် အောင်သပြေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးဦးအား တာဝန်မှ ရပ်စဲခံလိုက်ရကြောင်းသိရသည်။

"ကျွန်တော့်ရွာသူ၊ရွာသားတွေဘက်က ရပ်တည်ပေးခဲ့တယ်။ ကျွန်တော့် ရွာကလူတွေကို ရဲအင်အား သုံးလာဖမ်းတော့လည်း ရှေ့က ရပ်ပေးတယ်။ ဒါကို အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်း မညီဘူးဆိုပြီးတော့ ဖယ်ရှားခဲ့တယ် ထင်တာပဲ။ ဒီ စာထုတ်တဲ့အပေါ် ဘာမှပြောစရာမရှိဘူး။ ကျွန်တော် တာဝန်ယူစဉ်မှာ ကိုယ်လုပ်နိုင်တာ လုပ်ပေးနိုင်ခဲ့တယ်။အရင် အုပ်ချုပ်ရေးတာဝန ်မထမ်းဆောင်ခင်ကတည်းက ကျွန်တော်က ဒီစက်ရုံဖျက်သိမ်းဖို့ တောင်းဆိုနေခဲ့တာပဲ။ အုပ်ချုပ်ရေးမှူးဖြစ်တော့ ထဲထဲဝင်ဝင် မပါနိုင်ဘူး။ ခုတော့ လွတ်လွတ်လပ်လပ် လုပ်လို့ရပြီဆိုတော့ ပိုကောင်းတာပေါ့။ စက်ရုံပိတ်သိမ်းပေးဖို့ ဆက်လုပ်သွားမှာပါ။"ဟု ဦးကျော်မျိူးဦးက ပြောသည်။

အောင်သပြေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးဦးသည် ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေ တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ အခန်း (၅) ပုဒ်မ (၁၁) ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် တာဝန်မှရပ်စဲလိုက်ကြောင်း ဇူလိုင်လ ၂၆ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ စာထုတ်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ကျေးရွာလူထုမှ တင်မြောက်ခဲ့သည့် အုပ်ချုပ်ရေးမှူးကို တာဝန်က ရပ်စဲလိုက်ခြင်းသည် ပြည်သူကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်ပြီး ကျန်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုပါ ဒေသခံဘက်က ရပ်တည်လျှင် ယခုလို တာဝန်ရပ်ဆဲခံရမည်ဆိုသည့် သဘောဖြင့် ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဦးအေးသိန်းကပြောသည်။

ဒေသခံများဘက်မှ ရပ်တည်ပေး၍ အုပ်ချုပ်ရေးမှူးတာဝန်မှ ရပ်ဆဲခံရခြင်းကို အများပြည်သူသိရှိစေရန် လှုပ်ရှားမှုတစ်ခု ပြုလုပ်သွားမည်ဟု ဒေသခံတစ်ချို့ကဆိုသည်။

အဆိုပါ စက်ရုံတည်ဆောက်ရေးစီမံကိန်း တည်ဆောက်ရေး အပြီးပိုင်ဖျက်သိမ်းပေးရေး ကန့်ကွက် တောင်းဆိုနေသည့်သူများထဲမှ ဦးသန်းပိုင်၊ဒေါ်အေး၊ဒေါ်မြမြ၊ဦးမင်းနိုင်၊ ဦးမောင်ကို၊ ဦးသာဌေးနှင့် ဒေါ်ငြိမ်းဌေးတို့ကို လမ်းတံတား ဥပဒေ ၂၂ ဖြင့်လည်းကောင်း၊ ဦးရွှေအုန်း၊ ဦးဝင်းဇော်လတ်၊ ဒေါ်ငြိမ်းဌေး၊ ဒေါ်ဝင်းမာသန်း၊ ဒေါ်ရင်ရင်အောင်တို့အား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ ၁၉တို့ဖြင့်လည်းကောင်း အမှုဖွင့်ခံထားရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly