"အောင်သပြေကျေးရွာနဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံတည်ဆောက်နေမှု ပဋိပက္ခ"

"အောင်သပြေကျေးရွာနဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံတည်ဆောက်နေမှု ပဋိပက္ခ"
စီမံကိန်းဧရိယာနှင့်အောင်သပြေကျေးရွာကို ယနေ့ ဇူလိုင်လ ၂၇ ရက် မွန်းလွဲပိုင်းက ယခုလိုတွေ့ရစဉ်။ (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်ကြားမှာရှိတဲ့ ကန်ဘဲ့တောင်ကိုဖြိုပြီး ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံတည်ဆောက်နေတာက ပုသိမ်ကြီးမြို့နယ်ဘက်ခြမ်း၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာရဲ့ ခြံစည်းရိုးဘေးမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အောင်သပြေကျေးရွာသူ၊ကျေးရွာသားတွေက လက်ချင်းယှက်ပြီး ပုံစံအမျျိုးမျိုးနဲ့ ကန့်ကွက်မှုတွေ လုပ်နေရတာပဲဖြစ်ပါတယ်။၂၀၁၃ ခုနှစ်လောက်ကတည်းက ကန်ဘဲ့တောင်ကို စမ်းသပ်မှုတွေ လာလုပ်နေစဉ်ကတည်းက ကန့်ကွက်ခဲ့ကြတာပါ။

၂၀၁၄ ခုနှစ်မှာတော့ ကန့်ကွက်မှုတွေကို အရှိန်မြှင့်ခဲ့ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက မျက်နှာလွှဲခဲ့ကြပါတယ်။ ဒါကြောင့် ဆန္ဒပြကန့်ကွက်တဲ့အထိ လုပ်ဆောင်ခဲ့ကြပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ ၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်မှာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့နဲ့ ပန္နက်ရိုက်တဲ့အဆင့်ထိ  ရောက်လာပါတယ်။ ဒါကြောင့် ဒေသခံတွေက အရှိန်အဟုန်မြှင့် ကန့်ကွက်တားဆီးခဲ့တာတွေလုပ်နေပါတယ်။

အဲဒီပန္နက်တင်အခမ်းအနားကို တိုင်းအစိုးရအဖွဲ့လည်/ဆည် ဝန်ကြီး ဒေါက်တာစိုးသန်းနဲ့ဝန်ကြီးအချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက အရပ်သားအစိုးရအဖွဲ့က ပန္နက်ပါရိုက်လိုက်တဲ့အတွက် အခြေအနေ တွေက ပိုမိုတင်းမာလာတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် စက်ရုံတည်ဆောက်ဖို့အသုံးပြုနေတဲ့ ကားတွေကို ရွာလမ်းအသုံးမပြုဖို့အတွက် တားဆီးမှုတွေကို ဒေသခံတွေကလုပ်ခဲ့ပါတယ်။ ဒီလိုတားဆီးမှုတွေလုပ်နေပေမယ့်လည်း စက်ရုံဘက်က ရပ်တန့်မသွားဘဲ ဆက်လက်လုပ်ကိုင်နေသလို ကျေးရွာချင်းဆက်ဖွံ့ဖြိုးရေးလမ်းကို ချဲ့ထွင်းတာတွေလုပ်လာတဲ့အပြင် လမ်းဘေးက အရိပ်ရအပင်အချို့နဲ့ နှစ်ရှည်သီးနှံပင်တွေ ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေနဲ့ပြဿနာ ဖြစ်ခဲ့ပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပြေလည်အောင်ရှင်းပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ရွာထိပ်က ရွာဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့ကြပါတယ်။

အဲဒီလို ဖျက်ဆီးခံရပြီးတဲ့နောက်ပိုင်းမှာ ဒေသခံတွေက ရွာထိပ်က ဇရပ်မှာအလှည့်ကျစုပေါင်းပြီး စီမံကိန်းက ကားတွေတားဆီးမှုကို နေ့စဉ်လုပ်လာတဲ့အတွက် စီမံကိန်းဟာ လတ်တလော ရပ်နားထားတာလည်း တွေ့ရပါတယ်။

ဒီလိုရပ်နားထားရလို့ လုပ်ငန်းအသုံးပြုနေတဲ့ကားတွေမတားဆီးဖို့နဲ့ ဇရပ်ထဲ လူစု၊လူဝေးတွေအနေနဲ့ ရွာထဲ ပြန်ဝင်နေဖို့ ဒီဇရပ်မှာ ဆက်လက်နေထိုင်ပြီး တားဆီးနေမယ်ဆို ငြိမ်းစုစီ ဥပဒေနဲ့အရေးယူသွားမယ်လို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းလေးမှာပဲ မြို့နယ်ထွေအုပ်နဲ့မြို့နယ်ရဲတပ်ဖွဲ့က လာရောက်ပြောဆိုခဲ့ပါတယ်။

အဲဒီလို လာရောက်ပြောဆိုပြီး ရက်ပိုင်းမှာပဲ ဒေသခံတွေကို တရားစွဲဆိုမှုတွေလုပ်ခဲ့သလို လမ်းပေါ်တက် ခြံစည်းရိုးခတ်တယ်ဆိုပြီး ဒေသခံအမျိးသမီးတစ်ဦးကို ရဲအင်အားသုံးပြီး ဖမ်းဆီးခဲ့ပါတယ်။

အဖမ်းခံရတဲ့သူ ပြန်လွှတ်ပေးရေးနဲ့စက်ရုံစီမံကိန်းဖျက်သိမ်းပေးဖို့အတွက် ဒေသခံတွေစုပေါင်းပြီး နေပြည်တော် အထိ ချီတက်ဆန္ဒပြဖို့အသွားမှာလည်း ရဲအင်အားသုံး တားဆီးမှုတွေပြုလုပ်ခဲ့ပြီး ဦးဆောင်သူတစ်ချို့ကိုလည်း အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

ဒီလို တားဆီးအရေးယူခံရပြီး မကြာခင်မှာပဲ ရွာကို ရဲအင်အား ရာချီနဲ့လာရောက်ပြီး ဦးဆောင်သူတွေကို လာရောက်ဖမ်းဆီးခဲ့ပေမယ့် ဒေသခံတွေက ဝိုင်းဝန်းပြောဆိုတဲ့အတွက် သူတို့လာရောက်ဖမ်းဆီးခဲ့တာဟာ မအောင်မြင်ခဲ့ပါဘူး။

အခုလက်ရှိမှာတော့ ကျေးရွာဘက်က ရပ်တည်းပေးတဲ့ ကျေးရွာအုပ်ချုပ်းရေးမှူးကို ဇူလိုင်လ ၂၆ ရက်က တာဝန်ကနေ ရပ်စဲခံခဲ့ရပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့ ဒုတိယ တစ်နှစ်တာ လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဲဒီစီမံကိန်းကို ကန့်ကွက်သူက နည်းပြီး ထောက်ခံသူများနေသလို သူတို့အနေနဲ့ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ပြောဆိုထားပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက လက်ရှိကျင်းပပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော်မှာ ဒီကိစ္စကို မေးခွန်းမေးခဲ့ပေမယ့် သက်ဆိုင်ရာဝန်ကြီးကတော့ ဆက်လုပ်သွားမယ်ဆိုပြီး ပြန်လည်ဖြေကြားထားပါတယ်။

ဘာဘာဖြစ်ဖြစ် စီမံကိန်းနဲ့စက်ရုံက ခြံစည်းရိုးတာခြားနေတာကြောင့် စက်ရုံတည်ဆောက်ပြီးတာနဲ့ ရွာက ဖယ်ရှားခံရနိုင်ပါတယ်။အစိုးရအဖွဲ့ကလည်း ဆက်လုပ်ခွင့်ရဖို့ အတားအဆီးတွေကို ရှင်းလင်းနေသလို ဒေသခံတွေကလည်း ကန့်ကွက်တားဆီးမှုတွေဆက်လုပ်နေပါတယ်။

ဒီလိုတွေဖြစ်နေချိန်မှာပဲ ဇူလိုင်လ ၂၆ ရက်၊မွန်းလွဲပိုင်း အရင်အစိုးရအဖွဲ့ဟောင်းက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က အောင်သပြေကျေးရွာမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး စီမံကိန်းဟာ သူတို့ ခွင့်ပြုခဲ့တာ မဟုတ်ဘူးလို့လည်း ပြောထားပါတယ်။

တိုင်းအစိုးရအဖွဲ့အနေနဲ့ အထူးသဖြင့် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အနေနဲ့ မြေပြင်ကွင်းဆင်း ကြည့်ရှု့တာတွေလုပ်ပြီး အောက်ခြေက တင်ပြထားတာတွေနဲ့ တိုက်ကြည့် စစ်ဆေးတာတွေလိုအပ်ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လာရောက်ရင်းနှီးမြုပ်နှံသူတွေ လိုအပ်သလို စက်ရုံစီမံကိန်းတွေလိုအပ်တာလည်း အမှန်ပဲဖြစ်ပါတယ်။ဒါပေမယ့် ဒေသအခြေအနေ၊ ဒေသခံတွေရဲ့ ခံစားမှုတွေကိုတော့ လွှတ်တော်ကိုယ်စားလှယ်က အစ ဝန်ကြီးချုပ်အဆုံး တွေ့ဆုံ ဆွေးနွေး ညှိုနှိုင်းမှုတွေ ပွင့်ပွင့်လင်းလင်း လုပ်သင့်ပါတယ်။

နောက်ကွယ်က သွေးထိုးနေသူရှိရင်လည်း ရဲတပ်ဖွဲ့အနေနဲ့စုံစမ်းဖော်ထုတ် လုပ်လို့ရပါတယ်။ ရဲအင်အားလည်း ကောင်းပါတယ်။ဘာကြောင့်လည်းဆိုတော့ အောင်သပြေရွာကိစ္စကို ရဲအင်အား ရာချီ အသုံးပြုနေတာကို မျက်ဝါးဝါးထင်ထင် မြင်တွေ့ခဲ့ရလို့ပဲ ဖြစ်တယ်။

ကုမ္ပဏီအနေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကိုတော့ ဖွံ့ဖြိုးရေးတွေလုပ်ဆောင်ပေးနေပေမယ့်။တစ်ကယ့် ခြံစည်းရိုးသာ ခြားနေတဲ့ရွာကိုတော့ သိသာ၊မြင်သာတဲ့ ဖွံ့ဖြိုးရေးလုပ်ပေးနေတာတော့ နည်းပါတယ်။ ချွင်းချက်အနေနဲ့ ဘုန်းကြီးကျောင်းဆောက်ပေးနေတာတော့ တွေ့ရပါတယ်။ စာသင်ကျောင်း ဘာညာ လုပ်ပေးတာတော့ ရှိပါလိမ့်မယ်။

အမှန်တကယ် ဓမ္မဓိဋ္ဌာန်ကျကျ ညှိုနှိုင်းအဖြေရှာပေးမယ့်သူလိုနေသလို သမာသမတ်ကျစွာ ဆုံးဖြတ်ပေးနိုင်မယ့်သူလိုပါတယ်။

ဒီလိုသာဆက်သွားနေရင် ဘယ်သူမှအကျိးမရှိတဲ့အပြင် နစ်နာဆုံးရှုံးမှုတွေ နောက်ဆုံး အသက်တွေပါ ဆုံးရှုံးစေနိုင်ပါတယ်။

ပြည်သူက တင်မြောက်ထားတဲ့အစိုးရအနေနဲ့ ပြည်သူနဲ့ပြေလည်အောင် စည်းရုံးညှိုနှိုင်းမှုတွေ မလုပ်နိုင်ဘူးဆိုရင် သမိုင်း မလှပါဘူး။

ဒေသခံတွေမှားနေရင်လည်း မှားတဲ့အလျှောက် ဝန်ကြီးချုပ် ကိုယ်တိုင် ဘာတွေမှားနေတယ်ဆိုတာ ရှင်းပြဖို့လိုပါတယ်။အဲဒီလိုတွေမလုပ်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းက ရှင်းနေတယ်ဆိုပြီး တင်ပြလာတွေကိုလည်း ချင့်ချိန်ယုံကြည်ဖို့လိုပါတယ်။

မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အဖြေတစ်ခုရအောင်ဖြေရှင်းပေးဖို့လိုပါတယ်။ဖြစ်သွား ပျက်သွားမှ ကော်မတီဖွဲ့စစ်ဆေးတာတို့ လုပ်မယ်ဆိုရင်တော့ အပ်နဲ့ထွင့်ရမယ့်ဟာကို ပုဆိန်နဲ့ပေါက် ရှင်းရသလို ဖြစ်နေပါလိမ့်မယ်။

အစိုးရအဖွဲ့၊ဒေသခံနဲ့ကုမ္ပဏီ ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ မျက်နှာချင်းဆိုင် အငြင်းပွားမှုဖြစ်နေတဲ့နေရာမှာ အမြန်ဆုံးဆွေးနွေး ညှိုနှိုင်းကြည့်မယ်ဆိုရင် အဖြေတစ်ခု ရရှိနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly