Mandalay City Run မာရသွန်ပြိုင်ပွဲ မန္တလေးကျုံးတစ်ပတ် ယှဉ်ပြိုင်ရမည်

Mandalay City Run မာရသွန်ပြိုင်ပွဲ မန္တလေးကျုံးတစ်ပတ် ယှဉ်ပြိုင်ရမည်

မန္တလေး၊ ဇူလိုင် ၂၇ ။            ။ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး Mandalay City Run ပြိုင်ပွဲကို ဇူလိုင်လ ၂၉ ရက်တွင် မန္တလေးကျုံးပတ်လည်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ဝင်ယှဉ်ပြိုင်သူ လူဦးရေ ၄၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး မှတ်ပုံတင် ကိုင်ဆောင်ထားသူသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။

'' အားကစားနဲ့ ကာယပညာသိပ္ပံနဲ့ ပေါင်းလုပ်ရတာဖြစ်တော့ သူတို့တွေက မန္တလေးတိုင်းဒေသကြီးအတွင်းက မျိုးဆက်သစ်တွေ လိုချင်တဲ့အတွက် မန္တ္တလေးတိုင်းဒေသကြီး မှတ်ပုံတင်ကိုင်ဆောင်သူသာ ပါဝင် ယှဉ်ပြိုင်ခွင့် ပြုမှာ ဖြစ်ပါတယ်၊ လူငယ်အားကစားသမားတွေ ပေါ်ထွက်လာဖို့အတွက် ကျင်းပတာပါ၊ လက်ရှိ ပြိုင်ပွဲဝင်ဖို့ စာရင်းပေးသွင်းထားသူ ကျောင်းသားကျောင်းသူ ၂၀၀၀ ကျော်နဲ့ ပြင်ပမှ စာရင်းပေးသွင်းသူ ၂၀၀၀ ကျော် ရှိပါတယ် '' ဟု BMB Sport Event Founder ကိုဖြိုးဝင်းက ပြောသည်။

Mandalay City Run ပြိုင်ပွဲကို မန္တလေးမြို့ (၂၆)လမ်း၊ (၇၁)လမ်း နှင့် (၇၂)လမ်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးေ့ရှမှ ဇူလိုင်(၂၉)ရက် နံနက်(၅)နာရီခွဲတွင် စတင် တာလွှတ်မည်ဖြစ်ပြီး ပြိုင်ပွဲလမ်းကြောင်းကို ကျုံးတစ်ပတ် သတ်မှတ်ထားရာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ရုံးရှေ့တွင် ပန်းဝင်မည်ဖြစ်သည်။

Mandalay City Run ပြိုင်ပွဲတွင် ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်း၊ တတိယဆု ကျပ်နှစ်သိန်း၊ နှစ်သိမ့်ဆု ကျပ်တစ်သိန်း ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသား နှင့် အမျိုးသမီး ခွဲခြား၍ ချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် အသက် ၆၅ နှစ်အထက် ပါဝင်ယှဉ်ပြိုင်သူများကို အမှတ်တရ လက်ဆောင် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို တိုင်းအစိုးရနှင့်အတူ မန္တလေးတိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီး ပြေးခုန်ပြစ်အဖွဲ့ချုပ်တို့၏ လမ်းညွန်မှုဖြင့် BMB Sport Event မှ ကြီးမှူးကျင်းပခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly