ဘော်ဒိုးအသင်းမှ ဘာစီလိုနာအသင်းသို့ ပေါင် ၃၆.၅ သန်းဖြင့် မယ်လ်ကွန် အပြီးသတ်ပြောင်းရွှေ့

ဘော်ဒိုးအသင်းမှ ဘာစီလိုနာအသင်းသို့ ပေါင် ၃၆.၅ သန်းဖြင့် မယ်လ်ကွန် အပြီးသတ်ပြောင်းရွှေ့
(ဓာတ်ပုံ - AFP)

ဘရာဇီးတောင်ပံကစားသမား မာလ်ကွန်ဟာ ဘော်ဒိုးအသင်းမှ ဘာစီလိုနာအသင်းသို့ ပေါင် ၃၆.၅ သန်း၊ ၅ နှစ်စာချုပ်နဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားကို ရိုမားအသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေတဲ့ကြားက စပိန်ချန်ပီယံက ကြားဖြတ်ခေါ်ယူခဲ့တာဖြစ်ပြီး အဆိုပါအပြောင်းအရွှေ့ကို အင်္ဂါနေ့က ပထမဆုံးအကြိမ် ကြေညာခဲ့ပါတယ်။

“ဒါဟာ ကျနော့်အတွက် ငယ်ဘဝအိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တာပါပဲ။ အသင်းနဲ့ စတင်ကစားဖို့ မစောင့်နိုင်လောက်အောင်ဖြစ်နေပါတယ်။”လို့ ဘာစီလိုနာကစားသမားသစ် မယ်လ်ကွန်က ဖွင့်ဟခဲ့ပါတယ်။

“ဘာစီလိုနာအသင်းအတွက် ကစားပေးရဖို့က စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ သိထားပါတယ်။ ဒါပေမယ့် ကျနော် ငယ်ဘဝထဲက ဒီမှာ ကစားဖို့ အိပ်မက်မက်ခဲ့ဖူးပါတယ်။”လို့ သူက ဘာစီလိုနာရဲ့ အမေရိကန်နွေရာသီခရီးစဉ်အပေါ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာပါ။

ဘာစီလိုနာအသင်းဟာ ကစားသမား ပြောင်းရွှေ့ကြေးအတွက် ကနဦး ယူရို ၄၁ သန်း ပေးချေသွားမှာဖြစ်ပြီး နောက်ထပ် ယူရို ၁ သန်းကို ထပ်မံပေးချေသွားမယ်လို့ သိရပါတယ်။

ဘော်ဒိုးအသင်းအတွက် လီဂူ ၁ မှာ ၈၄ ပွဲကစား၊ ဂိုး ၂၀ သွင်းပြီး ၁၃ ဂိုး ဖန်တီးခဲ့တဲ့ မေလ်ကွန်ဟာ အမေရိကန်ခရီးစဉ်မှာ ဘာစီလိုနာအသင်းနဲ့ ပူးပေါင်းသွားမှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဂရီမီယိုအသင်းမှ ကွင်းလယ်လူ အာသာကို ပေါင် ၃၅.၅ သန်းနဲ့ ခေါ်ယူပြီးနောက် မယ်လ်ကွန်ဟာ ဒီနွေရာသီ အပြောင်းအရွေ့မှာ အသင်းရဲ့ ဒုတိယမြောက်ခေါ်ယူတဲ့ ဘရာဇီးကစားသမားဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ဆီဗီလာဗဟိုနောက်ခံလူ လန်လက်ကို ပေါင် ၃၂ သန်းနဲ့ ခေါ်ယူခဲ့ပါသေးတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags