အမျိုးဘာသာ သာသနာ စောင့်ရှောက်မည်ဆိုကာ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင် နေပြည်တော်မှာ စည်းရုံး

အမျိုးဘာသာ သာသနာ စောင့်ရှောက်မည်ဆိုကာ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင် နေပြည်တော်မှာ စည်းရုံး
ဓာတ်ပုံ-မင်းမင်း၊မဇ္ဈိမ

နေပြည်တော် (မဇ္ဈိမ) ။ ။ လာမည့်ရွေးကောက်ပွဲတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်၏ မဲဆွယ်စည်းရုံးမှုအဖြစ် သူ၏ ရွေးကောက်ပွဲဝင်ရခြင်း၏ မူဝါဒကို ချပြရာတွင် အမျိုးဘာသာ သာသနာတော်တည်တံ့ရန်၊ ဥပဒေစိုးမိုးရန်၊ အလုပ်အကိုင် ရရှိရန် စသည့် မူဝါဒများပါဝင်သည်ကို တွေ့ရသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ရွာသစ်ကျေးရွာဒေသခံများကို စက်တင်ဘာလ ၄ ရက်က ထီးနှင့် ယပ်တောင်များ ဝေငှ စည်းရုံးရာတွင် ဦးမြင့်လှိုင်ကို မဲပေးရန် စာသားများပါဝင်သည့် ထီးများ၊ ယပ်တောင်တွင် ရွေးကောက်ပွဲ အနိုင်ရပါက လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ပါဝင်သည့် စာသားများ ပါဝင်သည်ကို တွေ့ရသည်။

ဝေငှခဲ့သည့် အောက်ခံ အစိမ်းရောင်ထီးတွင် မှင်သားအဖြူဖြင့် ရေးသားထားသည့် စာသားမှာ "ဒို့အတွက် အမှန်တစ်ကယ်အကျိုးပြုမည့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံဆန္ဒမဲ ပေးကြပါစို့" ဟူ၍ဖြစ်သည်။

ယပ်တောင် အစိမ်းရောင်တွင်မူ "ပြည်သူလူထုထံမှ ပြည်သူ့ထံသို့" ဟု ခေါင်းစဉ်တပ်ထားပြီး ပထမဆုံး မူဝါဒအဖြစ် အမျိုးဘာသာ သာသနာတော် တည်တံ့ထွန်းကား ပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု ပါရှိသည်။

ဒုတိယတစ်ချက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်း သာယာရေးအတွက် တရားဥပဒေစိုးမိုးရေးကို ကြိုးပမ်းဆောင်ရွက်မည် ဟူ၍လည်းကောင်း လူတိုင်း အာမခံအလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးနှင့် လူတန်းစေ့ ဝင်ငွေတိုးတက်ရေးရရှိစေရေး ကြိုးပမ်းမည်ဟုလည်းလည်းပါရှိသည်။

လယ်ယာကဏ္ဍကို မြင့်တင်ပြီး လယ်သမားများ ဝင်ငွေ နှစ်ဆတိုးတက်ရန်ကြိုးပမ်းမည်ဟူ၍လည်းကောင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဘက်စုံဖွံ့ဖြိုးရန်လည်းကောင်း သက်ကြီးရွယ်အိုများကိုလည်း ထိထိရောက်ရောက် ကူညီစောင့်ရှောက်မည်ဟုလည်း ပါရှိသည်။

ရွာသစ်ကျေးရွာစာသင်ကျောင်းတွင် ကျောင်းသားမိဘများကို ရွာလူကြီးက ဆင့်ခေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယပ်တောင်နှင့် ထီးများကို လယ်/ဆည်ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးကျော်ဝင်းဦးဆောင်ကာ ဝေငှခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly