ရွှေအင်းပြိုကျမှုတွင် ပျောက်ဆုံးသူတစ်ယောက်ကို ဆက်လက်ရှာဖွေလျှက်ရှိ

ရွှေအင်းပြိုကျမှုတွင် ပျောက်ဆုံးသူတစ်ယောက်ကို ဆက်လက်ရှာဖွေလျှက်ရှိ

 မန္တလေး ၊ ဇူလိုင် ၂၆ ။             ။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက်ပေါက်ကျေးရွာ၊ ကျောက်ချောင်းရပ်ကွက်ရှိ ထက်ရည်လင်းရွှေသတ္ထုတူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်အမှတ်(SGU-6) လုပ်ကွက်မှ ရွှေအင်းပြိုကျမှုဖြစ်ပွားရာ ရွှေတွင်းလုပ်သား ၃ ဦး ပိတ်မိလျှက်ရှိသောကြောင့် ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါရွှေအင်းသည် ဇူလိုင်လ ၂၄ ရက်၊ည ၁၁ နာရီကျော်အချိန်တွင် ပြိုကျခဲ့ခြင်း ဖြစ်ပြီး ၂၅ရက်၊ နေ့လယ်ပိုင်းတွင် ပိုင်ပိုင်(ခ) ဖြိုးမင်းပိုင်ကို လည်းကောင်း ၊ ယနေ့ ၂၆ ရက်နံနက်ပိုင်းတွင် မြတ်မိုးဝင်း တို့ကိုလည်းကောင်း သေဆုံးလျှက်ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိနေသည့်တစ်ဦးကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။

"ထက်ရည်လင်းရွှေသတ္ထုတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်မှာ အင်းပြိုလို့ သုံးဦးပိတ်မိခဲ့တယ်။ ပထမဆုံးတစ်ဦးကို ဇူလိုင်(၂၅)ရက်နေ့နေ့လည်ပိုင်းက ကယ်ဆယ်နိုင်ခဲ့တယ်။ ဒီနေ့လည်း တစ်ဦးထပ်မံကယ်ဆယ်နိုင်ခဲ့ပါတယ်။ အလောင်းတွေကို ဆေးရုံမှာစစ်ဆေးမှုတွေလုပ်ပါတယ်။"ဟု နွယ်ရုံ ရဲကင်းစခန်းတွင် ယနေ့တာဝန်ကျနေသူ တပ်ကြပ်ကြီး တင်ဦးက မဇ္ဈိမကို ပြောသည်။

ရှာဖွေတွေ့ရှိခဲ့သည့်အလောင်းများကို ယနေ့မွန်းလွဲ ၃ နာရီခန့်က ကျေးရွာသုဿာန်တွင်သဂြိၤုဟ် လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

သေဆုံးခဲ့သူများကို ကျည်တောက်ပေါက် တိုက်နယ်ဆေးရုံတွင် ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဇော်ထွန်းက မဇ္ဈိမကို အတည်ပြုပြောကြားသော်လည်း စစ်ဆေးတွေ့ရှိချက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

ဒေါက်တာအောင်ဇော်ထွန်းက"အသေးစိတ်တွေ့ရှိချက်ကတော့ ကျွန်တော့်အနေနဲ့ ပြောလို့မ ရပါဘူး။ "ဟု ပြောသည်။

ကျန်ရှိနေသည့် တစ်ဦးကို ဆက်လက်ရှာဖွေရန်အကူအညီများ လိုအပ်နေပြီး လတ်တလောတွင် ကျည်တောက်ပေါက်ကျေးရွာမှ သုဇနသဟာယလူမှုကူညီရေးအသင်းနှင့်ညီနောင် ပရဟိတ လူမှုကူညီရေးအသင်းများ၊မီးသတ်တပ်ဖွဲ့ဝင်းများ၊ဒေသခံ ရေငုတ်ကျွမ်းကျင်သူများက ရှာဖွေ ကယ်ဆယ်မှုများပြုလုပ်လျှက်ရှိသည်။

 ရှာဖွေကယ်ဆယ်မှုများပြုလုပ်ရာတွင် ပါဝင်ကူညီနေသည့် ဒေသခံတစ်ဦးက "အင်းထဲမှာ တစ်ဦး ကျန်နေသေးတယ်။ ကယ်ဆယ်ရေးတွေလုပ်နေတုန်းပါ။ တွင်းထဲမှာ ပိတ်မိသေဆုံးနေတဲ့ နှစ်ဦးကိုတော့ ကယ်ထုတ်နိုင်ခဲ့တယ်။" ဟုပြောသည်။

အင်းအတွင်း ပိတ်မိနေသူများမှာ အင်းလုပ်သား လှမြင့်၊ အသက်(၃၃)နှစ် (ဘ) ဦးတင်ငြိမ်း၊ ရွှေလုပ်သား ရုံးပင်ချပ်ရပ်ကွက်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မြတ်မိုးဝင်း အသက်(၃၀)နှစ်၊ (ဘ) ဦးဝင်းညွန့်၊ ဗမာ/ဗုဒ္ဓ၊ ရွှေလုပ်သား၊ ကျောက်ချောင်းကွက်ရပ် ကျည်တောက်ပေါက်နေသူနှင့် ပိုင်ပိုင်(ခ) ဖြိုးမင်းပိုင် အသက်(၂၂)နှစ်၊ (ဘ)ဦးသိန်းဝင်း၊ ရွှေလုပ်သား၊ နွယ်ရုံကျေးရွာ စဉ့်ကူးမြို့နယ်နေသူတို့(၃)ဦးတို့ဖြစ်ပြီး ယင်းတို့မှာ အင်းလုပ်ကွက်တွင်းအမှတ်(KC-5)၏ အကျယ်(၄)ပေပတ်လည် အနက်ပေ (၄၅၀) ရှိအင်းအတွင်းသို့ ရွှေပါဗြုန်းများအား သယ်ထုတ်ရန် ဆင်းခဲ့ကြပြီး အင်းအနက်ပေ(၄၀၀)ခန့် သို့ရောက်ရှိ၍ အလုပ် လုပ်ကိုင်နေကြစဉ် အနက်ပေ (၁၀၀)ခန့်မှ ရေလုံးများပေါက်ကျကာ ရေများမှာ အင်းအနက်ပေ (၂၀၀)အထိရောက်ရှိကာ အင်းအတွင်း ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရသိရသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ နွယ်ရုံရဲကင်းစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၈)နှင့် (၁၂/၂၀၁၈) တို့ဖြင့် ရေးဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly